စစ်အေးခတ်ပုံစံ ဒုံးကျည်အကျပ်အတည်းအခင်းအကျင်းနဲ့ ပတ်သက်ပြီး အမေရိကန်ကို ပူတင် သတိပေး

0
177

ဝါရှင်တန်အနေနဲ့ ဂျာမနီနိုင်ငံမှာ တာဝေးပစ်ဒုံးကျည်တွေ တပ်ဖြန့်ချထားခဲ့မယ်ဆိုရင် မော်စကိုကလည်း အနောက်နိုင်ငံတွေကို တိုက်ခိုက်နိုင်တဲ့ လက်လှမ်းမီနေရာတွေမှာ အလားတူ ဒုံးကျည်တွေ ချထားရလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တနင်္ဂနွေနေ့ (ဇူလိုင် ၂၈) မှာ အမေရိကန်ကို သတိပေးလိုက်ပါတယ်။

ရေရှည် တပ်ဖြန့်ချထားရေးအစီအစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် SM-6၊ တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေနဲ့ အသံထက်မြန် ဟိုက်ပါဆောနစ်လက်နက်တွေအပါအဝင် တာဝေးပစ် ဒုံးကျည်တွေကို ၂၀၂၆ ခုနှစ်မှ စတင်ကာ ဂျာမနီမှာ ဖြန့်ကျက်သွားမှာဖြစ်ကြောင်း အမေရိကန်က ဇူလိုင် ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

ရုရှားရေတပ်မတော်နေ့အထိမ်းအမှတ် အဖြစ် ရုရှား၊ တရုတ်၊ အယ်ဂျီးရီးယားနဲ့ အိန္ဒိယ ရေတပ်သင်္ဘောသားတွေကို မိန့်ခွန်းပြောဆိုခဲ့မှုအတွင်း ဒီလုပ်ရပ်ဟာ စစ်အေးခေတ်ပုံစံ ဒုံးကျည်အကျပ်အတည်း ပေါ်ပေါက်လာစေမယ့် အန္တရာယ်ရှိနေတယ်လို့ ပူတင်က အမေရိကန်ကို သတိပေးသွားခဲ့တာဖြစ်ပါတယ်။

“နောင်မှာ နျူကလီးထိပ်ဖူးတွေ တပ်ဆင်လာနိုင်ကောင်းတဲ့ ဒီဒုံးကျည်တွေဟာ ကျွန်ုပ်တို့ ပိုင်နက်အတွင်းက ပစ်မှတ်တွေကို ပျံသန်းရောက်ရှိချိန်က ၁၀ မိနစ်လောက်ပဲ ရှိမှာဖြစ်တယ်” လို့ ပူတင်က ပြောဆိုပါတယ်။

ဥရောပနဲ့ ကမ္ဘာ့အခြားဒေသတွေရှိ သူတို့ရဲ့ ဂြိုဟ်တုတွေ၊ အမေရိကန်ပြည်ထောင်စုရဲ့လုပ်ဆောင် ချက်တွေကို ထည့်သွင်းစဉ်းစားပြီး တူညီသောဒုံးကျည်အရေအတွက်ကိုဖြန့်ကြက်ချထားမည့်အစီအမံတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။

ပူတင်ဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းနယ်မြေအတွင်းကို တပ်တွေ စေလွှတ်ခဲ့ပါတယ်။ သူ့အဆိုအရ ရုရှားကို အရှက်ရစေတဲ့ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲခဲ့ပြီးနောက်ပိုင်း မော်စကိုရဲ့ သြဇာလွှမ်းမိုးမှုနယ်ပယ်ကို ထိပါးလာတယ်ဆိုတဲ့ ယူဆချက်အရ အနောက်နိုင်ငံတွေနဲ့ သမိုင်းဝင်တိုက်ပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းစစ်ပွဲကို ဖော်ဆောင်ခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကလည်း ပူတင်ဟာ နယ်ချဲ့ပုံစံ နယ်မြေသိမ်းပိုက်မှုကို ဖော်ဆောင်နေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ယူကရိန်း အရှေ့ပိုင်းက ပြည်နယ်လေးခုရဲ့ အစိတ်အပိုင်းတွေနဲ့ ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် လက်ရှိမှာ ယူကရိန်းနယ်မြေ ၁၈ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်တဲ့ ရုရှားကို ကျရှုံးစေမယ်လို့ လည်း သူတို့က ကတိပြုထားပါတယ်။

ရုရှားကတော့ တစ်ချိန်က ရုရှားအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့ နယ်မြေတွေဟာ ယခု ရုရှားရဲ့ အစိတ်အပိုင်း ပြန်ဖြစ်လာခဲ့တာဖြစ်ပြီး ဒီနယ်မြေတွေကို လုံး၀ ပြန်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here