ယနေ့ လားရှိုးတွင် ပစ်ခတ်မှုများငြိမ်သက်နေ

0
147

လားရှိုးမြို့အတွင်း ယနေ့ ဇူလိုင် (၂၉) ရက် နံနက်ပိုင်းမှစတင်၍ ပစ်ခတ်တိုက်ခိုက်မှုများ ငြိမ်သက်နေသည်ဟုမြေပြင်စစ်ရေးလေ့လာစောင့်ကြည့်နေသူပြီး ကူညီကယ်ဆယ်ပေးနေသူ သတင်းရင်းမြစ်တစ်ဦးထံက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

“လက်ရှိ အနေအထားကတော့ ဒီနေ့လားရှိုး အရင်ရက်တွေထက်ငြိမ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် လားရှိုးမြို့အတွင်း အိမ်စောင့်နေသူများမှအပ မြို့သို့စွန့်ခွာသူ(၉၀)ရာခိုင်နှုန်းခန့် ရှိနေကြောင်းနှင့်ပိတ်မိနေသူဒေသခံ (၃၀၀)ကျော်ရှိနေကြောင်းလည်းနှင့် အဆိုပါ ဒေသခံများကို ကယ်ထုတ်ရန် စီစဉ်လျက်ရှိနေသည်ဟု ဆိုသည်။

ယနေ့ လားရှိုးတိုက်ပွဲငြိမ်သက်နေသော်လည်း သီ‌ပေါမြို့နယ်အတွင်း ယမန်နေ့ ဇူလိုင်(၂၈)ရက်မှ စတင်၍ ယနေ့ ဇူလိုင်(၂၉)ရက်နေ့အထိ တပ်မတော်နှင့် ကိုးကန့်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း သီပေါဒေသခံများထံက စုံစမ်းသိရှိရသည်။

မိုင်းရယ်ဘက်မှ တက်လာသည့် ကိုးကန့်တပ်များက သီပေါမြို့နယ် နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် တပ်မတော် တပ်ရင်းတစ်ခုဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ(၁၄၇) ကို ထိုးစစ်ဆင်နေသော်လည်း သိမ်းနိုင်ခြင်းမရှိသေးကြောင်း ဒေသတွင်း သတင်းများတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နောင်ကော်ကျေးရွာသည် သီပေါမြို့နှင့် (၁၄) မိုင်ခန့်သာ ကွာဝေးပြီး၊ SSPP/SSA ထိန်းချုပ်သည့် နယ်မြေဖြစ်ကြောင်း သိရသည်။

ထို့ပြင် လားရှိုး-သီပေါနှင့်တစ်ဆက်တည်း ရှိနေသော ကျောက်မဲမြို့အတွင်းတွင် တိုက်ပွဲသံများ ငြိမ်သက်နေပြီး၊ မြို့ပြင်ဘက်မှ ပစ်ခတ်သံအချို့သာ ကြားနေရကြောင်း ကျောက်မဲဒေသခံတစ်ဦးကပြောသည်။

ကျောက်မဲမြို့အတွင်း စားသောက်ကုန်ပစ္စည်းများ ပြတ်တောက်လာခြင်းများရှိသလို ကုန်ဈေးနှုန်းကြီးမြင့်မှုများလည်း ရှိနေသည်ဟုဆိုသည်။

“ကုန်ဈေးနှုန်းတွေကတော့ကြောက်ခမန်းလိလိကိုတက်နေပါတယ်။ အရင်ကအသားတု တစ်ပိဿာကို (၉၀၀၀) ကျပ် အခု (၂၃၀၀၀)ကျပ်ပေးနေရပါတယ်။ဖုန်းလိုင်းတွေတစ်ခုမှမကောင်းပါ။Telenor လိုင်း ငါးမိနစ်တစ်ခါလောက်ရပြီး ရချိန်တစ်မိနစ်လောက်ဘဲကြာပါတယ်။”ဟု ၎င်းက ပြောသည်။

ယင်း သည့် ယနေ့ ဇူလိုင်(၂၉)ရက်နေ့ တစ်ရက်တာ ‌လားရှိုး- ကျောက်မဲ-သီပေါမြို့များရှိ ဒေသတွင်းအခြေအနေဖြစ်ပြီး နောက်ထပ် စစ်ရှောင်အရေးနှင့် တိုက်ပွဲအခြေအနေများကို ပေါ်ပြူလာနယူးစ်က ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- ယနေ့ ဇူလိုင် (၂၉)ရက် ကျောက်မဲမြို့တွင်း တစ်နေရာအားတွေ့ရစဉ်(ရွေဖီမြေ)


LEAVE A REPLY

Please enter your comment!
Please enter your name here