ဘီလူးချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်လာပါက အမိန့်စောင့်ဆိုင်းရန် မလိုဘဲ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်စွာ လုပ်ဆောင်ရန် ဝန်ကြီးချုပ် မှာကြား

0
504

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်လာပါက အမိန့်စောင့်ဆိုင်းရန် မလိုဘဲ အချိန်နှင့်တပြေးညီ ပြည်သူများသို့ ကြေညာချက် ထုတ်ပြန်အသိပေးရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ လုပ်ဆောင်ရန် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြောကြားလိုက်ကြောင်း သိရသည်။

ကယားပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မှ လွိုင်ကော်မြို့အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကျရောက်လာပါက စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ ဌာနဆိုင်ရာများ လိုက်ပါ၍ ယမန်နေ့ ဇူလိုင် (၂၈) ရက် နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဝန်းအတွင်း ဖွင့်လှစ်ထားသော ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံး၌ တွေဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဘီလူးချောင်းရေအမှတ်မှာ စိုးရိမ်ရေမှတ်အောက် (၁ ပေ၊ ၄ လက်မ)ခန့်ရှိကြောင်း၊ လွိုင်ကော်မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ဇူလိုင်(၂၈)ရက်က နေအိမ်အချို့တွင် ရေအနည်းငယ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဘီလူးချောင်းရေ ဆက်လက်မြင့်တက်လာပါက အရေးပေါ် တုန့်ပြန်နိုင်မှုအား ချက်ချင်းဆောင်ရွက်နိုင်ရန်နှင့် ရွှေ့ပြောင်းရေး၊ ယာယီနေထိုင်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး၊ လိုအပ်သည့် ကူညီထောက်ပံ့မှုများ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကော်မတီအသီးသီးက ကြိုတင် ပြင်ဆင်ထားရန် ပြည်နယ်ဝန်ကြီးချုပ်က မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ နှစ်ထပ်ဈေးတံတား၊ ရှမ်းပိုင်းတံတား၊ ဒေါနိုးကူးတံတားများသို့ သွားရောက်၍ ဘီလူးချောင်းရေမြင့်တက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးပြီး (၂၄) နာရီ ရေကင်းစောင့်ကြည့်နိုင်ရေး၊ စိုးရိမ်ရေမှတ်ကျော်လွန်နိုင်သည့် အခြေအနေရှိပါက အမိန့်စောင့်ဆိုင်းရန်မလိုဘဲ အချိန်နှင့်တပြေးညီ ပြည်သူများသို့ ကြေညာချက် ထုတ်ပြန်အသိပေးရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နမ့်ကွတ်ရပ်ကွက်၊ ရေစီးကွေ့သို့သွားရောက်၍ ဘီလူးချောင်းရေမြင့်တက်လာပါက ရေနစ်မြှပ်မှု မရှိရန် ကာရံထားသည့် မြေထိန်းနံရံများ ကြံ့ခိုင်မှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့မှ Life Bouy ရေပြင်ကယ်ဆယ်ရေး ကိရိယာအသုံးပြု၍ သရုပ်ပြဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် လွိုင်ကော်မြို့ အနိမ့်ပိုင်း နမ့်ကွတ်ရပ်ကွက်ရှိ နေအိမ်အချို၌ ဘီလူးချောင်းရေဝင်ရောက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကာ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here