ယခုဘဏ္ဍာနှစ် (၃)လအတွင်း ပြည်တွင်းပြည်ပ ကုန်သွယ်မှု အပေါင်းလက္ခဏာပြကြောင်း နစကဥက္ကဋ္ဌပြော

0
199

ယခု ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်၏ သုံးလပတ်ကာလအတွင်း ပြည်တွင်းပြည်ပကုန်သွယ်မှုသည် ကိန်းဂဏန်းများအရ အပေါင်းလက္ခဏာရှိခဲ့ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်အမှာစကားပြောကြားစဉ် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မိမိတို့ အစိုးရအနေဖြင့်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မှုနှင့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များဆောင်ရွက်မှုများနှင့် ပတ်သက်၍ အစည်းအဝေးတွင်ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများစီးပွားရေးတိုးတက်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံများရှိအစိုးရများအနေဖြင့် ပြည်သူများ၏ စီးပွားရေးတိုးတက်မှုကို လိုလားကြသဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လည်း နိုင်ငံ့စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရာတွင်လည်း စီးပွားရေးနှင့် ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများလည်းပါဝင်ကြောင်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးများကို ပင်လယ်ရေကြောင်းမှ ဆောင်ရွက်ခဲ့မှုများရှိခဲ့သကဲ့သို့ နယ်စပ်ဒေသမှလည်း ကုန်သွယ်မှုများ ဆောင်ရွက်ခဲ့ကာ ကိန်းဂဏန်းများအရ အပေါင်းလက္ခဏာရှိခဲ့ကြောင်း၊ သို့သော် နယ်စပ်ဒေသများမှ တရားမဝင် ကုန်သွယ်မှုများ ရှိနေသည်ကိုလည်း နေ့စဉ်သိရှိနေရကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံ၏စီးပွားရေးကိုထိခိုက်စေလျက်ရှိခြင်းကြောင့် ကုန်သွယ်မှုနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန် လိုအပ်လျက်ရှိနေသေးကြောင်းလည်း ၎င်းကဆိုသည်။

နယ်စပ်ဒေသကုန်သွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း၊ လမ်းခရီး၌မလိုလားအပ်သည့် ကုန်ကျစရိတ်များကြောင့် ကုန်ဈေးနှုန်းများမြင့်တက်နိုင်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးကို အဟန့် အတားဖြစ်စေမည့် လုပ်ဆောင်မှုများမရှိအောင် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဇူလိုင်လ (၁၂) ရက်အထိ (၃) လကျော်ကာလအတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၄ ဒသမ ၁ ဘီလီယံကျော် ရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံကျော်ရရှိခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်းပြည်ပသို့ တင်ပို့သည့် ပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် ရေထွက် ကုန်ပစ္စည်း တင်ပို့မှုမြင့်တက်နေပြီး စက်မှုကုန်ချောပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်း တင်ပို့မှုသည် လျော့ကျနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here