ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပညာရေးကဏ္ဍအကြောင်းဆွေးနွေးမှုများ

0
243

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်နေကာ သဘာဝဘေးကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများပြန်လည်ဖွင့်ချိန်တွင် အချိန်ပိုများသင်ကြားပေးကာ ကလေးငယ်များ အမှန်တကယ်စာတတ်မြောက်စေရေး သင်ကြားပေးရန် နစကဥက္ကဌကပြောသည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ဇူလိုင် ၂၉ ကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုသို့ အမှာစကားပြောကြားခြင်း ဖြစ်သည်။

ထိုသို့ပြောကြားရာတွင် ဖွင့်လှစ်ထားသည့်ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်းလည်း နစကဥက္ကဌက ဆိုသည်။

ထို့အပြင် နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ထားကာ ကလေးများအားသင်ကြားရေးတာဝန်ယူထားရသူများအနေဖြင့်အတန်းအောင်ရန်အဓိကမဟုတ်ဘဲ ပညာတတ်အောင် သင်ကြားပေးရန်လိုကြောင်း၊ ထိုသို့ သင်ကြားနိုင်ရန်အတွက်လည်း ဆရာ၊ ဆရာမများကို ခန့်အပ်တာဝန်ပေးအပ်ရာတွင် လိုအပ်သည့် သင်တန်းများကိုပြီးမြောက်ပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒေသအလိုက် တာဝန်ထမ်းဆောင်နေကြသည့် သင်ကြားရေးဆိုင်ရာဝန်ထမ်းများ၏ အခြေခံလိုအပ်ချက်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ သင်ကြားရေးတာဝန်များကို လုံခြုံအေးချမ်းစွာဖြင့် ထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အစိုးရအနေဖြင့်လည်း ပညာရေး
ဝန်ထမ်းများအား ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိနေသည်ဟု နစကဥက္ကဌက ပြောသည်။

ထိုနည်းတူ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကိုအသိအမှတ်ပြုသောအားဖြင့် လစာအပြင် ထောက်ပံ့ကြေးများကိုလည်း တိုးမြှင့်ခံစားစေလျက်ရှိနေကာ အငြိမ်းစားဝန်ထမ်းများကိုပါ ထောက်ပံ့ကြေးတိုးမြှင့်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဌက ဆိုသည်။

နိုင်ငံ့ဝန်ထမ်းခန့်အပ်မှုများနှင့်ပတ်သက်၍လည်း လိုအပ်သည့် အင်အားကိုသာ စိစစ်ခန့်အပ်ဆောင်ရွက်သွားရန်လိုမည်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊အုပ်ချုပ်ရေးဝန်ထမ်းများကို မဖြစ်မနေခန့်အပ်သွားရန် မှာကြားထားပြီးဖြစ်ကြောင်း၊ပညာရေးနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများကို ပြည့်မီစွာခန့်အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ သင်ကြားရေးဆိုင်ရာ အဆောက်အဦများကိုလည်း လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် နစကဥက္ကဌက မှာကြားတိုက်တွန်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here