တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိသူများ အမှန်တကယ် အလုပ်လုပ်ဆောင်ရန် လိုကြောင်း နစက ဥက္ကဋ္ဌ ပြော

0
459

တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူများ တာဝန်ကျေပွန်အောင်ထမ်းဆောင်ကြရန်နှင့် အမှန်တကယ် အလုပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအေင်လှိုင်က ပြောကြားသည်။

ယမန်နေ့ ဇူလိုင်(၂၉) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ (၆/၂၀၂၄ ) အစည်းအဝေးအတွင်း ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များ ဆောင်ရွက်နှင့်ပတ်သက်၍ ထိုသို့ မှာကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌ က ဒေသတွင်း အမှုအခင်းဖြစ်ပွားခြင်းသည် အသိပညာနည်းခြင်းနှင့် ငွေကြေးအခက်အခဲကို မမှန်ကန်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် အမှုအခင်းဖြစ်ပွားမှု များလာသည့် ဒေသများ၌ ထိန်းသိမ်းကြပ်မတ်မှုများ ထိထိမိမိ ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့ပြင် မှုခင်းကျဆင်းရေးအတွက် ဒေသတွင်း အသိပညာပေးမှုများကို ဖိဖိစီးစီးဆောင်ရွက်ကြရန်နှင့် အခြေခံ ဥပဒေ ဆိုင်ရာ အသိအမြင်များ ရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောသည်။

အမှုအခင်းဖြစ်ပွားခြင်းသည် အသိပညာနည်းခြင်း၏ တစ်စိတ်တပိုင်းတွင် ပါဝင်သည့်အတွက် ကျောင်းသားကျောင်းသူများကိုလည်း ဥပဒေဆိုင်ရာ အခြေခံကောင်းများ သိရှိစေရန် သင်ကြားပို့ချသွားရန်နှင့် သို့မှသာ မှုခင်းဖြစ်ပွားမှုများ လျော့နည်းကျဆင်းလာအောင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ က တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here