ဆော်ဒီအာရေဗျနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအမျိုးသမီး တစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

0
231

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်တွင် သွားရောက်အလုပ်လုပ်ကိုင်သူ မြန်မာအမျိုးသမီး တစ်ဦး အခက်အခဲကြုံတွေ့နေရသည့်အတွက် မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၊ ပခုက္ကူမြို့နယ်၊ သဖန်းပင်ရွာတွင် နေထိုင်သူ မသူဇာမိုးမှာ ဇူလိုင် (၂၈) ရက်က ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် ည (၈) နာရီတွင် ထွက်ခွာပြီး ဒူဘိုင်း၊ နယူးဒေလီ လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ဇူလိုင် (၂၉)ရက်၊ မွန်းလွဲ (၃) နာရီ (၁၀) မိနစ်တွင် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသူ မသူဇာမိုးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွားမြှင့်တင်ရေး ဝန်ကြီးဌာနတို့မှ အာဏာပိုင်များနှင့်ညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသူ မသူဇာမိုးသည် ရန်ကုန်မြို့မှ အေးဂျင့်၏ ပို့ဆောင်ပေးမှုဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ဒူဘိုင်းမြို့သို့ အလုပ်လုပ်ကိုင်ရန် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ရောက်ရှိခဲ့ပြီး ထိုအေးဂျင့်ရုံး၌ ရက် (၂၀) ခန့် နေထိုင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် Tourism ဗီဇာဖြင့် ရီရတ်ဒ်မြို့ရှိ အလုပ်ရှင်နေအိမ်၌ တစ်လလျင် ဆော်ဒီရီရယ် (၁၂၀၀)ဖြင့် အလုပ်လုပ်ကိုင်ခဲ့ရာ ခြောက်လကျော်ကြာမြင့်ခဲ့ပြီး မိသားစုထံသို့ လစာပေးပို့ရာတွင် အေဂျင်စီက လွှဲပြောင်းပေးပို့ခြင်း မရှိခဲ့ကြောင်း၊ အိမ်ရှင်နှင့်အဆင်မပြေမှုကြောင့် နေအိမ်မှ သုံးကြိမ်တိုင် ထွက်ပြေးခဲ့ဖူးပြီး အိမ်ရှင်မှ ဆက်ဆံ‌ရေး ပိုမိုဆိုးဝါးလာခဲ့ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကို ကြုံတွေ့လာရကြောင်း သတင်းထုတ်ပြန်ချက်ရ သိရသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် သုံးလွှာတိုက် နေအိမ်အပေါ်ထပ်မှ ထွက်ပြေးရန်ကြိုးစားစဉ် ခါးကို ထိခိုက်မိခဲ့ပြီး အိမ်ရှင်က မြန်မာသံရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ မြန်မာသံရုံးအနေဖြင့် မသူဇာမိုးအား သံရုံးဝင်းအတွင်း အဆောက်အဦငယ်တွင် ထားရှိ၍ နေရာထိုင်ခင်းနှင့်စားသောက်ရေးအပြင် ဆေးဝါးနှင့်လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကောင်းမွန်စွာစောင့်ရှောက်ပေးခဲ့‌ကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် မသူဇာမိုးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ပြန်လည်ထွက်ခွာခွင့် (Exit Permit) ရရှိခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here