ဧရာဝတီမြစ်ကမ်းတလျှောက် သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

0
126

ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဧရာဝတီမြစ်ကမ်းတလျှောက် သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် (၂၉) ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ထိန်းသိမ်းရန် အစီအမံများနှင့်ပတ်သက်၍ အဓိကထား လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြစ်ချောင်းများအတွင်း သဲနုန်းများ ပို့ချမှုများကြောင့် သဲသောင်များဖြစ်ထွန်းခြင်းသည် မြစ်ကြမ်းပြင်ကို မြင့်တက်စေကာ မြစ်ချောင်းများ တိမ်ကောမှု ပိုမိုဖြစ်လာစေသည့် အချက်များဖြစ်သော မြစ်ချောင်းများ၏ အကျယ် ပိုမိုကျယ်ပြန့်လာခြင်း၊ ရေလမ်းကြောင်းများ ပိုမိုခွဲဖြာစီးဆင်းလာခြင်းစသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ကာ အကျိုးဆက်အနေဖြင့် ရေတိုက်စား ကမ်းပြိုကမ်းစားမှုများနှင့် ရေကြီးရေလျှံမှု ဖြစ်စဉ်များကို ဖြစ်ပေါ်လာစေကြောင်း သိရသည်။

ဧရာဝတီမြစ်၏ မြစ်ရေလမ်းကြောင်း ပြောင်းလဲမှု၊ ရေတိုက်စားကမ်းပြိုမှုများ၏ အကျိုးဆက်ကိုခံစားရသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းတလျှောက်တွင် ထိခိုက်မှုအနည်းဆုံးဖြင့် ရေရှည်ထိန်းသိမ်းရေးအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာပညာရှင်များကို ဖိတ်ကြားကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ပျက်စီးမှုနည်းစေမည့် ရေလမ်းကြောင်းကောင်းမွန်ရေး အကောင်းဆုံးအစီအမံများကို ဖော်ထုတ်ဆောင်ရွက်သွားနိုင်ရန် ကျွမ်းကျင်ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ တိုက်စားခံရမှုနှင့် ဆောင်ရွက်ထားမှု၊ ဟင်္သာတရေ လမ်းကောင်းမွန်ရေး ဆောင်ရွက်မှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီး ကမ်းပြိုကမ်းစားမှုဖြစ်စဉ်များနှင့် ရေ ဘေးကာကွယ်ရေးဖြတ်တာများ တည်ဆောက်မှု၊ ရေတိုက်စားကမ်းပြိုမှုကြောင့် ထိခိုက်မှုများနှင့် မြေနေရာချထားမှုတို့ကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ကြီးနားမှ ညောင်တုန်းအထိ အလျား ၂၁၇၀ ကီလိုမီတာရှိပြီး ရေလမ်းပိုင်းများတွင် ၁၉၈၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်ပေါင်း (၃၀) အတွင်း မြစ်ရေတိုက်စားမှုနှင့် မြစ်ကြောင်းပြောင်းလဲမှုများကို Satellite Images များအသုံးပြုပြီး လေ့လာတွေ့ရှိချက်များအရ ကမ်းပြိုမှုဖြစ်ပွားသည့် အလျား ကီလိုမီတာ ၇၀၀ ခန့်ရှိခဲ့ပြီး စိုက်ပျိုးမြေအပါအဝင် မြေဧက စုစုပေါင်း ၁၂၅၈၆၈ ဧကခန့် ဆုံးရှုံးသွားခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here