တနင်္သာရီမြို့နယ်အတွင်း မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်း (၂၀) ယာယီ ပိတ်ထားရ

0
168

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ဇူလိုင်လပထမပတ်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေ တဖြေးဖြေးမြင့်တက်လျက်ရှိရာ ယင်း မြစ်ရေဝင်ရောက်မှုများကြောင့် အခြေခံပညာကျောင်း (၂၀) ကို ယာယီပိတ်ထားရကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ဆရာ/ ဆရာမများ၊ ကျောင်း သား / ကျောင်းသူများ သွားလာရာတွင် အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိနိုင်ခြင်းတို့ကြောင့် ကျောင်းများ ယာယီပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း(၃)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) တစ်ကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) တစ်ကျောင်း၊ မူလတန်းလွန်ကျောင်း(၃)ကျောင်း၊ မူလတန်းကျောင်း (၁၁) ကျောင်း စုစုပေါင်း (၂၀)ကျောင်းကို ဇူလိုင်(၂၉)ရက် နံနက်ပိုင်းစတင်၍ မြစ်ရေကြီးနေစဉ် ကာလအတွင်း ယာယီပိတ်ထားမည်ဖြစ်သည်။

ကျောင်းများ ပိတ်ထားရသည့် ရက်များတွင် မသင်ကြားခဲ့ရသည့် သင်ခန်းစာများ အခက်အခဲ မဖြစ်စေရန် မြစ်ရေများ ပြန်လည်ကျဆင်းပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ပါက ကျောင်းပိတ်ရက် အပတ်စဉ် တနင်္ဂနွေ/ ဥပုသ်နေ့များ၌ ပြန်လည် အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ အသိပေးထားသည်။

မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများ မြင့်တက်ကာ ရေကြီး ရေလျှံမှုများကြောင့် ယာယီ ပိတ်ထားရသည့် အခြေခံပညာ ကျောင်းပေါင်း (၁၀၀)ကျော် ရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here