စားအုန်းဆီကို အိမ်တိုင်ရာရောက်စနစ်ဖြင့်ရောင်းချမည်

0
373

ဈေးကွက်အတွင်း ဝယ်ယူရခက်ခဲနေသည့် စားအုန်းဆီကို အိမ်တိုင်ရာရောက်စနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီမှ အသိပေးကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုအောက်မှ စားအုန်းဆီတင်သွင်းသောကုမ္ပဏီများက လက်လီ/လက်ကားအရောင်းဆိုင်များမှတဆင့် လုပ်သားပြည်သူများသို့ နေ့စဉ်၊လစဉ်စားအုန်းဆီများ ဖြန့်ဖြူးပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဖြူးပေးလျက်ရှိသော်လည်း အရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန် အခက်အခဲရှိသော အိမ်ထောင်စုများအနေဖြင့် စားအုန်းဆီများကို မိသားစုတစ်စုတစ်လစာဝယ်ယူနိုင်ရန် ၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့်ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီးစားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီမှ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ထိုသို့ ဝယ်ယူနိုင်ရန်အတွက် Call Centre ဖွင့်လှစ်၍ မှာကြားချက်များကို မှာကြားနိုင်ရန် လက်ခံမှတ်သားသွားမည်ဖြစ်ပြီး ဇူလိုင် (၃၁) ရက်မှစ၍ နံနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနှင့်အစိုးရ ရုံးပိတ်ရက်မပါ)Call Centre ဖုန်းနံပါတ် ၀၁-၂၃၉၉ ၂၂၂ (လိုင်းခွဲ-၇ လိုင်း) သို့မှာကြားနိုင်ကြောင်း သိရသည်။

ဈေးနှုန်းအနေဖြင့် အပတ်စဉ်ထုတ်ပြန်ပေးနေသည့် လက်ကားရည်ညွှန်းဈေးနှုန်းကို အခြေခံ၍ အကျိုးအမြတ်ထည့်သွင်းထားခြင်းမရှိဘဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကိုထည့်သွင်းတွက်ချက်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ပို့ဆောင်ခကို မှာကြားသည့်ဝယ်သူဘက်မှ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ဆီဖိုးကို ကြိုတင်ပေးချေရန်မလိုဘဲ မှာကြားမည့်ရက်နှင့် ပစ္စည်းရောက်မည့်ရက်မှာ သုံးရက်ခန့်ကွာခြားနိုင်ကြောင်း ကြေညာချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here