ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတအဖြစ် တာဝန်ယူပြီး ကျင်းပသည့်ကာလုံအစည်းအဝေးတွင် နယ်မြေ တည်ငြိမ်ရေးလိုအပ်နေမှုနှင့်ရွေးကောက်ပွဲ ကိစ္စရပ်များဆွေးနွေး

0
140

ကျန်းမာရေး အခြေအနေအရ ဆေးခွင့်ယူထားရသည့် ယာယီသမ္မတ ဦးမြင့်ဆွေ နေရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ တာဝန်ယူကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့ ဇူလိုင် (၃၁) ရက်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်အဖြစ် ချမှတ်ထားမှု အခြေအနေများ၊ ရွေးကောက်ပွဲအား အရေးပေါ်ကာလကြေညာပြီး (၂)နှစ်ပြည့် မြောက်သည့်အချိန်တွင်ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများကြောင့် ဆောင်ရွက်နိုင်ခဲ့မှုမရှိသည့် အခြေအနေများ၊ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဝိသမလောဘစီးပွားရေးသမားများ၏ နိုင်ငံတော်စီးပွားရေး ကျဆင်းအောင် ဆောင်ရွက်ခဲ့မှုအပေါ် နိုင်ငံ့စီးပွားရေး တိုးတက်မှုရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ပညာရေးကဏ္ဍမြှင့်တင်ပေးနေမှုအခြေအနေများ၊ ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားလာစေရေးထောက်ပံ့ဖြည့်ဆည်းပေးနေမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်အောင်ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဦးစွာတင်ပြ၍ NUG PDF အမည်ခံအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန်လိုအပ်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများ ရရှိရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်ရန် မဖြစ်မနေလိုအပ်နေသည့် အခြေအနေများကြောင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်း တိုးမြှင့်ပေးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တင်ပြပြီးသက်တမ်းတိုးရန်ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ရွေးကောက်ပွဲ ကို အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များရုတ်သိမ်းပြီးသည့်ကာလ၌ ပြုလုပ်ရန်လျာထားကြောင်း၊ယခုနှစ်အတွင်း မဲစာရင်းမှန်ကန်ရအောင် စိစစ်ပြီးပါက ၆လအတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပလို့ရနိုင်သည့် နေရာများတွင် ကျင်းပသွားရန်စီစဉ်ထားကြောင်း ၂၀၂၄ ခုနှစ်မတ်လ ၁၈ ရက်နေ့တွင်ရုရှားသတင်းဌာနအား ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံစဉ် ပြောကြားထားမှုလည်းရှိသည်။

အစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here