ကျပ် (၂၀၀၀၀) တန်ငွေစက္ကူကို လူထုအကြားသုံးစွဲနိုင်ပြီဆိုသည့်သတင်းမှာ သတင်းမှားသာဖြစ်ဟု နစကပြော

0
224

အထိမ်းအမှတ်ဖြစ် ထုတ်ဝေထားသည့် ကျပ် ၂၀၀၀၀ တန်ငွေစက္ကူကို လူထုအကြားသုံးစွဲနိုင်ပြီဟုဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

ငွေကျပ် (၂၀၀၀၀) တန်ကို တရားဝင်ထုတ်ဝေပြီး ပြည်သူလူထုအကြားသုံးစွဲနိုင်ပြီဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်ပြီး အဆိုပါသတင်းဟုတ်မဟုတ်နှင့် ကျပ်(၂၀၀၀၀) တန်ကိုတရားဝင်လူထုကြားဖြန့်ဝေရှိ/မရှိ ပြည်တွင်းမီဒီယာတစ်ခုမှမေးမြန်းထားခြင်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့် ကမ္ဘာကြီး အေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်တည်ဆောက်ထားသည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် (၂၃)ရက်တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက “၏ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က “ နှစ်သောင်းကျပ်တန် ” ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်တွင် အကန့်အသတ်ဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျပ် (၂၀၀၀၀) တန် ငွေစက္ကူများကို အစုတ်အပြဲငွေစက္ကူ ကျပ်သိန်း (၃၀) လဲလှယ်မှသာ အဆိုပါ လဲလှယ်ငွေပမာဏအတွင်း ၂၀,၀၀၀ တန်ငွေစက္ကူတစ်ရွက်သာ ထည့်သွင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here