ရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေပေါ်မူတည်ပြီးဒေသအလိုက် ကျင်းပသွားမည်ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပြော

0
257

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးဖြစ်သည့်အတွက် ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရန်ဆောင်ရွက်နေကာ ဒေသအလိုက် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ကျင်းပနိုင်သည့်နယ်မြေများကို ဦးစွာကျင်းပသွားမည်ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ ဇူလိုင် (၃၁)ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်စဉ် ထိုကဲ့သို့ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ခိုင်လုံသည့် အခြေခံမဲစာရင်းများရရှိရန်၊ မှန်ကန်မှု ရှိစေရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိပြီး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့် အောက်တိုဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့်အခက်အခဲများကို ဖြေရှင်းနိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်နေကြောင်းလည်း နစကဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။

ထိုနည်းတူ ရွေးကောက်ပွဲကျင်းပသည့်အခါ လတ်တလော လုံခြုံရေးအခြေအနေအရ ကျင်းပနိုင်ခြင်းမရှိသေးသည့် နယ်မြေများကိုလည်း လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက် ကျင်းပနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ လုံခြုံရေးပိုင်းနှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောကြားခဲ့သည်။

ယနေ့ ကျင်းပသည့် ကာလုံအစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here