စက်သုံးဆီများ ပြတ်လပ်နိုင်မှုမရှိနိုင်ဟု စွမ်းအင်ဝန်ကြီးဌာန ပြော

0
145

ပြည်ပမှ စက်သုံးဆီများ ပုံမှန်တင်သွင်းသိုလှောင်ဖြန့်ဖြူးလျက်ရှိသဖြင့် ပြတ်လပ်နိုင်မှု မရှိနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းသတင်းဌာနများကို ဖြေကြားချက်အရ သိရသည်။

သို့သော် ဇူလိုင် လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြား၌ မိုးအဆက်မပြတ်ရွာသွန်းပြီး နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် သီလဝါဆိပ်ကမ်းဒေသရှိ Terminal များ၌ ပုံမှန်လုပ်ငန်း ဆောင်ရွက်မှုများ အနည်းငယ် နှောင့်နှေးကြန့်ကြာခြင်း၊ ဆီတင်ယာဉ်များဖြင့် ဒေသအနှံ့အပြားသို့ ပို့ဆောင်ရာတွင်လည်း အချို့ဒေသများ၏ လမ်းခရီးအခြေအနေများအရ ဆီတင်ယာဉ်ရောက်ရှိရန် အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်းများသာရှိနေကြောင်းလည်း အဆိုပါ ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားသည်။

ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားသော အရောင်းဆိုင်များသို့ ပေးပို့နေသည့် စက်သုံးဆီများအား လိုအပ်သည့် အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိနေသည်ဟု စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။

ထို့အပြင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သီလဝါ ဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီ ဖူလုံစွာ သုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများဖြင့်လည်း စဉ်ဆက်မပြတ် ဝင်ရောက်ရန် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် အများပြည်သူများအနေဖြင့် မကြာမီစက်သုံးဆီ ပြတ်လပ်မည်ဆိုသည့် ကောလဟာလ သတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်၍ တဆင့်ပြန်လည်ရောင်းချခြင်းတို့ကို မပြုလုပ်ကြပါရန်၊ သုံးစွဲရန်လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲကြပါရန်၊ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်းမျိုး မပြုလုပ်ကြစေရေး စနစ်တကျ စိစစ်ကြပ်မတ်လျက်ရှိပါကြောင်း ထုတ်ပြန်ထားသည်။

ယခုတစ်ပါတ် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းများအရ ၉၂ တစ်လီတာ ၂၆၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၆၅ ကျ ပ်၊ ပရီမီယံဒီဇယ်တစ်လီတာ၂၇၇၀ ကျပ်ဖြစ်ပြီး နှစ်ပတ်ဆက်တိုက် စက်သုံးဆီဈေးကျဆင်းလာကြောင်း သိရသည်။

သို့သော် ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအချို့တွင် စက်သုံးဆီရောင်းချနိုင်ခြင်းမရှိဘဲ ဆိုင်ပိတ်ကာ အရောင်းနားထားရသည်ကို တွေ့ရပြီး အချို့ဆိုင်များတွင်လည်း ယာဉ်အမြောက်အများ တန်းစီဝယ်ယူနေရသည့် အခြေအနေကို ပေါ်ပြူလာနယူးစ်မှ တွေ့မြင်ခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here