ပဲခူးမြို့ပေါ်ရှိ ဈေးအချို့နှင့် ရပ်ကွက်နေရာအချို့တို့တွင် ရေ (၁)ပေခန့် ပြန်လည်ကျဆင်းလာ

0
92

ပဲခူးမြို့တွင် ယနေ့ နံနက် (၄)နာရီအထိ မိုးအဆက်မပြတ် ရွာသွန်းနေသော်လည်း မြို့ပေါ်ရှိ ဈေးအချို့နှင့် ရပ်ကွက်နေရာ အချို့တို့တွင် ရေ (၁)ပေခန့် ပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ လူမှုကယ်ဆယ်ရေးအသင်းများနှင့် မြို့ခံများထံမှ သိရသည်။

ပဲခူးမြို့တွင် ယမန်နေ့ ဇူလိုင် (၃၁)ရက် ညနေပိုင်းမှ ယနေ့ သြဂုတ် (၁)ရက် နံနက် (၄)နာရီအထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့သော်လည်း သီရိဥဿာဈေးကြီးအတွင်း ရေ (၆) လက်မခန့် ထပ်မံကျသွားကြောင်း သိရသည်။

သို့သော် သီရိဥဿာဈေးအတွင်း မြစ်ရေဖြတ်စီးနေဆဲဖြစ်ပြီး ညောင်ဝိုင်းလမ်းမကြီးတွင်လည်း ရေများနေဆဲဖြစ်ကာ မီနီအိုးဝေနှင့် ဆိုင်ကယ်များ ဖြတ်မရသေးဘဲ ဈေးဝယ်လိုသူများအတွက် ဈေးပိုင်း လမ်း (၂၀) အ‌နောက်ခြမ်းတွင် အသား၊ ငါး၊ အသီး အရွက်များ ရောင်းချနေပြီး ဝယ်ယူရရှိနိုင်ကြောင်း မြို့ခံများထံမှ သိရသည်။

ယနေ့ သြဂုတ် (၁) ရက်၊ နံနက် (၈)နာရီခွဲ အချိန်ခန့်က ပဲခူးမြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် ပဲခူးမြို့၊ သီရိဥဿာဈေးတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် (၃၁) ရက်၊ နံနက် (၈)နာရီခွဲအချိန်ခန့်က ပဲခူးမြို့တွင် ရေကျဆင်းလျက်ရှိသော ပဲခူးမြို့မဈေးအား ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပဲခူးမြစ်ရေမှ (၁) ပေခန့်ကျဆင်းသွားသော်လည်း စိုးရိမ်ရေမှတ်အထက်ရှိနေဆဲဖြစ်ပြီး မြစ်အနောက်ဘက်ခြမ်း ရပ်ကွက်များ၌ ရေ (၁) ပေနီးပါးကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့ချိန်မှ စတင်၍ မြို့တွင်း အနိမ့်ပိုင်း ရပ်ကွက်များ၊ ပဲခူးမြို့ ထူးဆီဆိုင်ရှေ့၊ ဒိုက်ဦးပြည်သူ့ဆေးရုံ၊ ဒိုက်ဦးမြို့မဈေးကြီး ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း၊ ဘုရားလမ်း၊ မဂ္ဂတစ်လမ်းနှင့် မှော်ကန် အပါဝင် တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေခဲ့ရကြောင်း သိရသည်။

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်နေရာ ရေဘေးရှာင် (၅၀ ၀၀၀)ကျော်ရှိနေပြီး ယာယီရေဘေးရှောင် စခန်း (၂၇) ခု ဖွင့်လှစ်ကာ ကူညီပေးနေရကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေသည့် လူမှုကူညီကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။

ဓါတ်ပုံ – ဥဿာဟစ်တိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here