မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်မှုအတွင်း (၃)နှစ်သား က-လေ-းငယ်တစ်ဦးအပါအဝင် ဒေသခံ (၃)ဦးအသက်ဆုံးရှုံး

0
107

ထိုင်း-မြန်မာနယ်စပ် ၊ မြဝတီမြို့ သောင်ရင်းမြစ်ရေ မြင့်တက်မှုအတွင်း (၃)နှစ်သား က-လေ-းငယ်တစ်ဦး အပါအဝင် ဒေသခံ(၃)ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း ‌ရေဘေးကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ အသက်ဆုံးရှုံးခဲ့ရသည့် (၃)နှစ်အရွယ်က-လေ-းငယ်တစ်ဦးမှာ အမှတ်(၅) ‌ရပ်ကွက်အတွင်း နေထိုင်သူဖြစ်ပြီး ကျန် အမျိုးသား (၂)ဦးမှာ ခွန်ဆာဝန်းအတွင်းနေထိုင်သူနှင့် အိမ်ခြေမဲ့တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

သောင်ရင်းမြစ်ရေမှာ ဇူလိုင် (၂၉)ရက်၌ ကျဆင်းသွားပြီဖြစ်သော်လည်း လက်ရှိတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များကို ပြန်လည်ရှင်းလင်းရေး လုပ်ဆောင်နေကြရကြောင်း သိရသည်။

အဆိုပါ မြို့တွင်းအမှိုက်ရှင်းလင်းမှုအား ဇူလိုင်(၃၀)ရက်မှ ယနေ့ ဩဂုတ် (၁)ရက်အထိ ရှင်းလင်းနေကြရဆဲဖြစ်ကြောင်း သိရသည်။

“မြဝတီက လူဦးရေ နေထိုင်မှုများလာပြီ။ အမှိုက် ဒီနေ့နဲ့ဆို (၃)ရက်ရှိပြီ ရှင်းနေရတာ။ ကားတွေတောင် မလောက်လို့ အကူအညီတောင်းပြီး ရှင်နေရတာ။ အဓိက ခြင်၊ ယင် မပေါက်ပွားအောင်ဆက်တိုက်လုပ်နေကြတာ။ ခြင်၊ ယင် ပေါက်ရင်နောက်ဆက်တွဲ ပြဿနာတွေက ရှိလာမှာဆိုတော့ ဒေသက တာဝန်ရှိသူတွေ ပူးပေါင်းပြီးရှင်းလင်းနေကြတာ”ဟု ၎င်းကပြောသည်။

ယခုနှစ် ရေကြီးမှုဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ရေကြီးမှုဖြစ်စဉ်ထက် လျော့နည်းသော်လည်း မြို့နေလူဦးရေ များပြားလာသည့်အတွက် ရေဘေးသင့်သူပေါင်း (၅,၀၀၀) ကျော် ရှိခဲ့ကြောင်း သိရသည်။

မြဝတီမြို့သောင်ရင်းမြစ်ရေသည် ဇူလိုင် (၂၆)ရက် မွန်းလွဲပိုင်းအချိန်မှစတင်ကာ မြင့်တင်လာခြင်းဖြစ်ပြီး ဇူလိုင်(၂၉) ရက်အထိ (၄)ရက်ကြာမြင့်ခဲ့ခြင်းဖြစ်သည်။

ပုံစာ -မြဝတီရေကြီးမှုဖြစ်စဉ်အပြီးမြို့တွင်းအမှိုက်များရှင်း လင်းနေကြစဉ်(CJ)


LEAVE A REPLY

Please enter your comment!
Please enter your name here