စိုးရိမ်ရေမှတ်အထက်ရှိသည့် မြို့ (၆) ခုကျန်ကာ အချို့မြို့တွင်မြစ်ရေများ ပြန်လည်ကျဆင်းလာ

0
205

မြန်မာနိုင်ငံတစ်ဝန်း အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အပါအဝင် မြစ်အများစု ရေပြန်လည်ကျဆင်းလာကာ စိုးရိမ်ရေမှတ်အထက်ရှိသည့် မြို့(၆)ခုသာကျန်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဩဂုတ်လ (၁)ရက် ထုတ်ပြန်ချက်အရ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စစ်တောင်း၊ ရွှေကျင်၊ ပဲခူး၊ သံလွင်၊ သောင်ရင်း၊ ငဝန်၊ တိုး၊ ဘီးလင်း စသည့် မြစ်ဆယ်ခုအပါအဝင် နမ့်ယင်း၊ နမ့်ကောင်းချောင်းတို့မှာလည်း ရေပြန်ကျနေကြောင်း မိုး/ဇလ က ဆိုသည်။

ပဲခူး၊ မဒေါက်၊ ရွှေကျင်၊ ဘားအံ၊ ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့တို့တွင်မူ စိုးရိမ်ရေမှတ်ထက် တည်ရှိနေသော်လည်း မြစ်ရေတဖြည်းဖြည်းပြန်ကျဆင်းလာမည်ဟု မိုး/ဇလ က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံ မှုဆက်လက်ဖြစ်ပွာနေသော်လည်း ပဲခူးမြို့တွင် ရေအနည်းငယ်ကျဆင်းမှုရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ယနေ့မနက် ၇နာရီ ၅၅ မိနစ်၊ ညောင်ဝိုင်း ၁၃ လမ်းထိပ် ရေအခြေအနေ ရေ ခြောက်လက်မခန့်ကျပါသည်” ဟု ပဲခူးမြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် မျှဝေထားသည်။

ပဲခူးမြို့တွင် အနိမ့်ပိုင်းရပ်ကွက်များ၌ ရေဆက်ရှိနေဆဲဖြစ်ကာ ရေဘေးရှောင် စခန်း (၂၇) ခု ဖွင့်လှစ်ထားပြီး လူဦးရေ နှစ်သောင်းခွဲကျော်အတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here