တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရေဘေးသင့်ပြည်သူ နှစ်သိန်းကျော်ရှိ

0
134

ဇွန်လကုန်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများမြင့်တက်ခဲ့မှုကြောင့် တစ်နိုင်ငံလုံးနီးပါးရေဘေးသင့်ပြည်သူ နှစ်သိန်းကျော်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်သတင်းဌာနသို့ပြောကြားထားသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ် (၁၀) ခုတွင် ရေဘေးရှောင်စခန်း (၆၀၀) ကျော် ဖွင့်လှစ်ထားကာ ဇူလိုင် (၂၉) ရက်အထိ စာရင်းများအရ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု (၅၀၀၀၀) ကျော်၊ ရေဘေးသင့်ပြည်သူ (၂)သိန်း ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုး နှင့် ကယ်ဆယ်ရေးပစ္စည်း အပါအဝင် ငွေ ကျပ်သိန်းပေါင်း (၄၆၀၀) ကျော် ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေး၊ ပဲခူး-မော်လမြိုင် နှင့် ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းများ ရေကျော်နေသည့်အတွက် ရထားခရီးစဉ်များကိုလည်း ယာယီ ဖျက်သိမ်းထားရကြောင်း သိရသည်။

ကြီးကျယ်သည့်ရေဘေးသည် ယခင်က နှစ်ခြားဖြစ်လေ့ရှိသော်လည်း ယခုတွင် နှစ်နှစ်ဆက်တိုက်နေရာစုံဖြစ်လာနေသလို ကမ္ဘာတဝှမ်းတွင်လည်း ရေကြီးမြေပြိုမှုများ သိသာလာနေပြီဖြစ်၍ သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန်မှု လျော့ချရေး ကို လူထုအားဖြင့် လုပ်ဆောင်ကြရတော့မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here