အတ္ထရံမြစ်ရေ မြင့်တက်နေခြင်းကြောင့် ကျိုက်မရောမြို့ ဒေသခံ အိမ်ထောင်စု (၁၈၀၀) ရေဘေးသင့်နေ

0
82

အတ္ထရံမြစ်ရေ မြင့်တက်နေခြင်းကြောင့် ကျိုက်မရောမြို့ ဒေသခံ အိမ်ထောင်စု (၁,၈၀၀) ရေဘေးသင့်နေရပြီး ယင်းအနက် အိမ်ထောင်စု (၁၀၀)ခန့်အား အရေးပေါ် ရွှေ့ပြောင်းပေးနေရသည်ဟု မြေပြင်ရေဘေးဆောင်ရွက်ပေးနေသည့် တာဝန်ခံ ကိုစောထူးလေး က ပေါ်ပြူလာနယူးစ်သို့ပြောသည်။

လက်ရှိတွင် ကျိုက်မရောမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရှင်စောပုနှင့် ရန်မျိုးအောင် ရပ်ကွက်တို့တွင်ရေနစ်မြှပ်နေပြီး၊ ရှင်စောပုရပ်ကွက်တွင် အိမ်ထောင်စု (၁,၁၅၀) စု ၊ ရန်မျိုးအောင်ရပ်ကွက်တွင် အိမ်ထောင်စု(၁၀၀)စုတို့ ရေဘေးသင့်နေကြောင်း သိရသည်။

“ပြောင်းတဲ့သူတွေကတော့ ပြောင်းကြတယ်။ မပြောင်းတဲ့သူတွေလည်းရှိတယ်။ ရွာတွေဘက်စာရင်းကတော့ မလုပ်ရသေးဘူး။ အခု လုပ်နေတုန်းပါ။ ရေကတော့ ဆက်တိုးနေတယ်။ ဒီနေ့နဲ့ဆို (၇)ရက်ရှိပြီ”ဟု ၎င်းက ရှင်းပြသည်။

ကျိုက်မရောမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း(၂)ခု ဖွင့်လှစ်ထားရှိကြောင်းနှင့် အရေးပေါ်လိုအပ်ချက်မှာသောက်သုံးရေနှင့် စားသောက်ရေးဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အတ္ထရံမြစ်ရေ မြင့်တက်လာမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ချောင်းနှစ်ခွ၊ ဖားသိမ်ကမ်းနား၊ ဦးလေး၊ ငါးပြေမ၊ စံပယ်ဂူ၊ နိတုံ၊ မယ်ဂရို၊ ကွာငန်း၊ ပေါလောကုန်း၊ လမုခိုကျေးရွာများနှင့် ကျိုက်မရောမြို့ မြစ်ကမ်းပိုင်းများ ရေနစ်မြှုပ်နေကြောင်း သိရသည်။

အဆိုပါ ရေကြီးမှုဖြစ်စဉ်ကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာစာသင် ကျောင်း (၂၅ )ကျောင်း ယာယီပိတ်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here