သီးသန့်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၂၂ သန်းနှင့် ကျပ်ငွေ ဘီလီယံ တစ်ရာကျော်ကိုကျန်းမာရေးကဏ္ဍတွင်သုံးမည်

0
90

ကျန်းမာရေးဝန်ထမ်း ၇သောင်းနီးပါးဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးနေ

ယခုနှစ်အတွင်း ဆေးရုံသုံးပစ္စည်းကိရိယာများ ဝယ်ယူ ဖြည့်တင်းခြင်းနှင့် ဆေးရုံများတိုးချဲ့ ဆောက်လုပ်ခြင်းအတွက် သီးသန့်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၂၂ သန်းနှင့် ကျပ်ငွေ ၁၁၆ ဒသမ ၈ ဘီလီယံကို အသုံးပြုသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ကာလုံ အစည်းအဝေး (၂/၂၀၂၄)တွင်ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ကျန်းမာရေးကဏ္ဍမြှင့်တင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ယခုထက်ပိုမိုမြင့်မားလာစေရေး ယခုဘဏ္ဍာနှစ်အတွင်း မြို့နယ်ဆေးရုံနှင့်အထက် ဆေးရုံများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ဆေးရုံသုံးစက်ကိရိယာများ ဖြည့်တင်းရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးနှင့်ပတ်သက်ပြီး လစ်လပ်သွားခဲ့သည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရန်အတွက် “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” ဆိုသည့်မူကိုချမှတ်ပြီး မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးဝါဒမှိုင်းကြောင့် တာဝန်မှ လုပ်ငန်းခွင်စွန့်ခွာသွားသည့် ကျန်းမာရေးဝန်ထမ်းများ၏ နေရာများတွင် ပြန်လည်အစားထိုးခန့်အပ်ပေးနိုင်ရန် အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်း ဆေးပေးခန်း ၇၂၇၈ ခုနှင့် ဆေးရုံပေါင်း ၇၅၇ ရုံတွင် ကျန်းမာရေးဝန်ထမ်း ၆၈၂၅၈ ဦးနှင့် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးလျက်ရှိကြောင်း နစက ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

လူသားတိုင်း၏ ကျန်းမာရေးဆိုင်ရာ အခြေခံရပိုင်ခွင့်များကို ပြည့်ဝစွာရရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မိမိတို့အနေဖြင့် ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်တွင်ပါဝင်သော “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အချက်ကို အထောက်အပံ့ဖြစ်စေရန် လာမယ့်ဒီဇင်ဘာလအတွင်း၌လည်း ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ကိုကျင်းပရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here