ဗဟန်းမြို့နယ်တွင် (၂)ရက်အတွင်း သစ်ပင်ကြီး လဲကျမှု (၂)ကြိမ် ဖြစ်ပွား

0
405

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် သြဂုတ် (၁)ရက်နှင့် သြဂုတ် (၂)ရက်တို့တွင် သစ်ပင်ကြီးများ လဲကျမှု (၂) ကြိမ် ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်း၊ ကျိုက်ထီးရိုးကျောင်းတိုက်တွင် ယနေ့ သြဂုတ် (၂) ရက်၊ နံနက်ပိုင်းက သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်ကြီးမှာ ဘုန်းကြီးကျောင်းစောင်းတန်းနှင့် ဆွမ်းစားဆောင်ပေါ်သို့ ပိနေသည့်အတွက် အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မနေ့က ရွှေဂုံတိုင် လူမှုဖူလုံရေးရှေ့ YBS (၁၄၅)ပေါ် ကုက္ကို ပင်ကြီးလဲကြတာ ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူး။ လျှပ်စစ်ဓါတ်တိုင် တစ်တိုင်လဲကျတယ်။ ဒီနေ့ကျတော့ ကျောင်းတိုက်ထဲမှာ လဲကျတာပေါ့နော်။ စောင်းတန်းနဲ့ ဆွမ်းစားဆောင်ပေါ် လဲကျတာ”ဟု အနီးနားဝန်းကျင်ရှိ ပြည်သူတစ်ဦးက ဆိုသည်။

သြဂုတ် (၁)ရက်၊ နေ့လယ် (၁)နာရီကျော်အချိန်က ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးမြောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းမကြီးပေါ်တွင် နှစ်ချို့ကုက္ကိုင်ပင်ကြီး အမြစ်မှ ကျွတ်ကာ YBS (၁၄၅) (၁)စီးပေါ်သို့ လဲကျမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လမ်းပေါ် ပိတ်နေရာ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အနာဂတ်အလင်းတန်းပရဟိတအသင်း၊ ရွှေဂုံရိပ်မွန်လူမှုကူညီရေးအသင်းတို့မှ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here