မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ရင်ပြင်အထက်မှ မန်းချောင်းရေ (၃)ပေခန့် ဖြတ်ကျော်စီးဆင်းနေ

0
103

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နေ့စဉ် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ ဩဂုတ် (၂) ရက် နံနက်ပိုင်းက စတင်ကာ မန်းချောင်းရေ (၃) ပေခန့် ဖြတ်ကျော် စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ဇူလိုင် (၃၁)ရက် ညပိုင်းမှ စတင်ကာ နေ့စဉ် မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိပြီး ဩဂုတ် (၁) ရက် ညနေ (၄) နာရီ အချိန်မှစတင်ပြီး မန်းချောင်းရေများ အောက်စက်တော်ရာ ရင်ပြင်မှ ဖြတ်ကျော်စီးဆင်းခဲ့ရာ ညပိုင်းတွင် ရင်ပြင်အထက် (၅) ပေခန့်အထိ သိသိသာသာ တိုးမြင့်ရောက်ရှိခဲ့ကြောင်း သိရသည်။ 

ဩဂုတ် (၂) ရက် နံနက်ပိုင်းတွင် မန်းချောင်းရေများ ပြန်လည်ကျဆင်းပြီး အောက်စက်တော်ရာ ရင်ပြင်အထက် (၃) ပေခန့် ဆက်လက်ဖြတ်ကျော် စီးဆင်းလျက်ရှိကြောင်း သိရသည်။

မန်းချောင်းအတွင်း နှစ်စဉ် ရေကြီးမှုဖြစ်ပွားရခြင်းမှာ မန်းရွှေစက်တော်ဘုရား အထက်ပိုင်းရှိ ဒေသများ၌ နေ့စဉ် မိုးများရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများက ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်း စီးဆင်းဝင်ရောက်ကာ အဆိုပါ မန်းချောင်းများမှတဆင့် ရွှေစက်တော် မန်းချောင်းအတွင်းသို့ ဆက်လက်ဖြတ်သန်း စီးဆင်းဝင်ရောက်ပြီး ရေကြီးမှုဖြစ်ပွားရခြင်း ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ က နိုင်ငံပိုင်သတင်းဌာနတွင် ပြောကြားထားသည်။

ထို့ပြင် မန်းရွှေစက်တော်ဘုရားကြီး အထက်ပိုင်းရှိ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ၌ ဩဂုတ် (၂) ရက် နံနက် (၈) နာရီ တိုင်းထွာချက်အရ ပင်မရေပိုလွှဲမှ ၅ ဒသမ ၇ ပေခန့် ရေကျော်စီးဆင်းပြီး အဆိုပါ မန်းချောင်းရေများက ရွှေစက်တော် မန်းချောင်းအတွင်း ပိုမိုဖြတ်သန်း စီးဆင်းဝင်ရောက်ကာ မန်းချောင်းအောက်ပိုင်းရှိ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်း ကျေးရွာအချို့တွင် မန်းချောင်းရေဝင်ရောက်မှု ဖြစ်ပွားလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ရှင်းပြသည်။

မန်းရွှေစက်တော်ဘုရားကြီးတွင် ယခင်နှစ် မေလပိုင်းက မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်း၍ ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်း ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ ရင်ပြင်အထက် ပန်းဆွဲသို့ ရောက်ရန် (၂)ပေခန့်အလိုအထိ မန်းချောင်းရေများ ဖြတ်ကျော် စီးဆင်းကာ ရွှေစက်တော်မန်းချောင်း အောက်ပိုင်းတစ်လျှောက် ဒေသများ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here