မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂ တန် ကျော်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိ

0
178

ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ ပိုဆောင်မည့် ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် (၂၂) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်သတင်းအရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းအတွင်း မောင်းနှင်လာသည့် ကုန်တင်စက်လှေအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံဖမ်းဆီးရာ စက်လှေပေါ်တွင် ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန်နှင့် ဆိတ်ဖေတို့ (၅) ဦးအား ဒေသကာလ တန်ဖိုး ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြိုနယ်၊ (ခ)ရပ်ကွက်၊ မြရတနာ (၈) လမ်းရှိ ဖမ်းမိစက်လှေပိုင်ရှင် လှမောင်ကြီး၏ နေအိမ်မှ ပစ္စတို‌ေ-သနတ် (၁)လက်၊ ကျည်အိမ် (၁) ခု၊ ၉ မမကျည် ၅၀ တောင့်နှင့်အတူ ထွန်းအောင်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် သိမ်းဆည်းရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သန်းဌေး(ခ)အရှည်ကြီးအား ဖျာပုံမြို့နယ်၊ ဆင်မကျေးရွာ၊ စက်လှေပိုင်ရှင် လှမောင်ကြီးနှင့် ပဲ့နင်းသားကြီး(ခ)ဇော်သိန်းလှိင်တို့အား လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ (၁၁)ရပ်ကွက်တွင် PRADO မော်တော်ယာဉ် (၁) စီးနှင့်လည်းကောင်း၊ မင်းမျိုးထွန်း (ခ) ကိုမျိုးအား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၌ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကျပ် သိန်း (၁၉၀) နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောင်ဆင့်ထွန်း(ခ)ကိုဆင့်(ခ)ကိုစိုင်းနှင့် ထိန်လင်းအောင်(ခ) ရောဘတ်(ခ)ခွန်ရဲလင်းဦးတို့အား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းမရှိ ဧည့်ရိပ်သာတွင် TOYOTA LANDCRUISER မော်တော်ယာဉ် (၁) စီး၊ HILUX SURF မော်တော်ယာဉ် (၂) စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here