တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် မြင့်တက်နေသည့်အတွက် လူဦးရေ (၃၉၀၀) ကျော်ရေလွတ်ရာသို့ယာယီ ပြောင်းရွှေ့ခဲ့ရ

0
185

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း၌ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက်မြင့်တက်နေမှုကြောင့် လူဦးရေ (၃၉၀၀) ကျော် ရေလွတ်ရာသို့ယာယီပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

ဇူလိုင်လ ဒုတိယအပတ်မှ စတင်၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ (၃၁) ရက် ညနေအထိ တိုင်းတာချက်အရ တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ်ဖြစ်သည့်(၂၄)ပေအထက် (၇)ပေတိတိ ကျော်လွန်ကာ (၃၁)ပေသို့ မြင့်တက်ခဲ့ပြီး ဩဂုတ်လ (၁)ရက် နေ့လယ်ပိုင်း၌ တဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ရေသည် ရေတံ့လျက်ရှိနေကြောင်း မြို့တွင်းရေဝင်ရောက်မှုအခြေအနေမှာ မြို့၏ အမြင့်ဆုံးနေရာ၌ (၁)ပေခန့်နှင့် အနိမ့်ဆုံးနေရာတွင် (၉)ပေခန့်ရှိနေသေးကြောင်း သိရသည်။

ထိုသို့ မိုးများသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မော်လမြိုင်-ထားဝယ်-ကော့သောင်း(ထုံခါးလမ်းအပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြစ်ရေများလမ်းကျော်နေသည့်အတွက် ခရီးသွားမော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရဘဲ ပြတ်တောက်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများ ထပ်မံပြောင်းရွှေ့မှုမရှိတော့ဘဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်မှ ဩဂုတ်လ (၁) ရက်အထိ ကယ်ဆယ်ရေးစခန်း(၁၄)ခုနှင့် နီးစပ်ရာဆွေမျိုးများ နေအိမ်အသီးသီးသို့ အားလုံးစုစုပေါင်း (၃၉၃၉) ဦးတို့သည် ရေလွတ်ရာသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here