ဆီစက်ပိုင်ရှင်များအနေဖြင့်သတ်မှတ်ချက်နှင့် ကိုက်ညီပါက ချေးငွေ‌လျှောက်ထားနိုင်

0
94

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီပါက ချေးငွေလျှောက်ထားနိုင်ကြောင်းဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်အသိပေးကြေညာထားသည်။

ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကိုလျှောက်ထားလိုပါက လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်၊လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ)၊ အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)များကို ပေးအပ်နိုင်ရမည်၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များ အသင်းဝင်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital)အတွက်ချေးငွေ-အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက်ချေးငွေ – အနည်းဆုံး ကျပ် သိန်း ၂၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိသတ်မှတ်ထားပြီး ကျပ်သိန်း ၃၀၀၀ အထက် ချေးငွေရယူလိုသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ – ချေးငွေသက်တမ်း(၁)နှစ်၊ မတည်ရင်းနှီးငွေ- ချေးငွေသက်တမ်း (၃) နှစ် ၃ ရစ်ဆပ်၊ချေးငွေအတိုးနှုန်း- ၁ နှစ်လျှင် (၅%) ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည်သက်ဆိုင်ရာ ဌာန၊ ဘဏ်ခွဲများတွင် ချေးငွေအဆိုပြုလွှာများ ရယူ၍လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝက်ဆိုဒ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနဝက်ဆိုဒ်၊ မြန်မာဆီစက်ပိုင်ရှင်များအသင်း website ၊ မြန်မာနိုင်ငံဆီ ကုန်သည်နှင့်ဆီစက်လုပ်ငန်းရှင်များအသင်း website ၊ MEB website ၊ MADB website တို့တွင် download ရယူနိုင်ကြောင်းအသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here