မြန်မာ့မီးရထားကို တစ်ခေတ်ပြောင်းနိုင်ရန် ကြိုးစားကြရမည်ဟု နစက ဥက္ကဌ ပြောကြား

0
109

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဩဂုတ် (၃)ရက်၌ နေပြည်တော်ရှိ
မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန ၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နောင်အခါတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်သည်အထိ မျှော်မှန်းလုပ်ဆောင်ရန်လိုကြောင်းနှင့် လျှပ်စစ်ရထားလမ်းများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေး ဘူတာများ၌ပြင်ဆင်ရန်လိုအပ်သည့်အပြင် မီးရထားနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး သုတေသနပြုဆောင်ရွက်နေရန်လိုကြောင်း တဆက်တည်းပြောကြားခဲ့သည်။

မီးရထားတွဲများ၊ ရထားလမ်းများနှင့်ပတ်သက်၍ နည်းပညာများကို အမြဲမပြတ်လေ့လာနိုင်ရေး Research and Development လုပ်ငန်းများကို ဆောင်ရွက်သွားရန်နှင့် DEMU တွဲများကိုပြည်တွင်း၌ အောင်မြင်စွာတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အလားတူ ရန်ကုန် – ပြည်လမ်းပိုင်းနှင့် နေပြည်တော် – မန္တလေးလမ်းပိုင်းကို ဦးစားပေးဆောင်ရွက်သွားရန်လိုအပ်ပြီးနိုင်ငံအတွက် အဓိကကျသည့် မီးရထားလမ်းများ၌ ကုန်စည်များအမြဲမပြတ် ပြေးဆွဲနိုင်ရေး ဆောင်ရွက်နေရန်လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ မြို့ပတ်ရထားများနှင့်ပတ်သက်၍လည်း ရထားစီးခရီးသည်များ အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် အကုန်အကျသက်သာသည့် ရထားစီးနင်းခ နှုန်းထားများဖြင့် သွားလာနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မီးရထားသည် နိုင်ငံအတွက်များစွာအကျိုးရှိသည့် လုပ်ငန်းရပ်တစ်ခုဖြစ်သဖြင့် မြန်မာ့မီးရထားအား ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုသည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here