လက်ဘနွန်မှအမြန်ဆုံး ထွက်ခွာရန် အမေရိကနှင့်ဗြိတိန်တို့တိုက်တွန်း

0
247

အစ္စရေးနှင့် ဟဇ်ဘိုလာတို့အကြားတင်းမာမှုနှင့် ဒေသတွင်းပဋိပက္ခပြဿနာများကြောင့် လက်ဘနွန်ရှိအမေရိကန် သံရုံးနှင့် ဗြိတိန်အစိုးရတို့သည် လက်ဘနွန်၌ရောက်ရှိနေသည့် ၎င်းတို့၏နိုင်ငံသားများအား ရရာလေယာဉ်ဖြင့် အမြန်ဆုံးပြန်ထွက်ခွာရန် တိုက်တွန်းညွှန်ကြားထားကြောင်းသိရသည်။

“ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် လက်ဘနွန်ကို လေယာဉ်ခရီးစဉ်ရပ်ဆိုင်းမှုနဲ့ဖျက်သိမ်းမှုတွေရှိနေပေမဲ့ တချို့လေကြောင်းလိုင်းတွေ ကျန်နေသေးတာမို့ အမြန်ဆုံးထွက်ခွာစေချင်ပါတယ်၊ ထွက်ခွာချင်သူတွေအနေနဲ့ လေယာဉ်ချက်ချင်းမထွက်သေးဘဲ လမ်းကြောင်းပြောင်းရမယ်ဆိုရင်တောင် လက်မှတ်ကိုကြိုဝယ်ထားစေချင်ပါတယ်” ဟုလည်း သံရုံးကထုတ်ပြန်ကြေငြာခဲ့သည်။

တင်းမာမှုများမြင့်တက်လာနိုင်ပြီး အခြေအနေများ မြန်မြန်ဆန်ဆန်ဆိုးရွားလာနိုင်ခြေရှိသဖြင့် အင်္ဂလန်နိုင်ငံသားများအနေဖြင့် အမြန်ဆုံးထွက်ခွာသင့်သည်ဟုလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

အလားတူပင် ဆွီဒင်နိုင်ငံသည်လည်း ဘေရွတ်မြို့ရှိ၎င်း၏သံရုံးသို့ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်လာမည်ကိုစိုးရိမ်သဖြင့် သံရုံးကိုပိတ်ပစ်လိုက်ပြီး ၎င်းနိုင်ငံသားများအား လက်ဘနွန်မှထွက်ခွာရန်ညွှန်ကြားထားကာ သံရုံးကို ဆိုက်ပရက်စ်သို့ ယာယီရွှေ့ပြောင်းထားကြောင်းသိရသည်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးဝန်ထမ်းများကိုလည်း ဘေရွတ်မှဆိုက်ပရက်စ်သို့ပြောင်းရွှေ့ရန်ညွှန်ကြားထားပြီး သံရုံးအား ယာယီနေရာပြောင်းရွှေ့ရန်စီစဉ်နေသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

Source : News 18


LEAVE A REPLY

Please enter your comment!
Please enter your name here