ဝဲခမိကျေးရွာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမ (၅)ဦးကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး‌ခေါ်ဆောင်သွား

0
243

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာ အထက်ကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ(၅)ဦးကို ဒေသတွင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှု ယနေ့အချိန်အထိ သတင်းအစအန မရရှိသေးကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

အဆိုပါ ဆရာ ဆရာမ(၅)ဦးကို ဩ ဂုတ်လ(၂)ရက် မွန်းလွဲပိုင်းအချိန်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး၊ ယနေ့ ဩဂုတ်လ (၄)ရက်နေ့အထိ သတင်းတစ်စုံတရာ ထပ်မံမကြားသိရသေးကြောင်း ဆိုသည်။

” အခုထိတော့ ဘာသတင်းမှပြန်မကြားရသေးဘူး။ ဒီနေ့ နဲ့ဆို သုံးရက်ရှိပြီပေါ့။
ဖမ်းခေါ်သွားတဲ့အကြောင်းကလည်း စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာလို့ သိရတယ်။ ဘယ်သူတွေဆိုတာကတော့ ဒေသခံတွေက ပျောက်ကျားဝတ်စုံတွေဝတ်ထားတယ်ဆိုတာလောက်ဘဲ သိတာ‌လေ။ အခုဘာ သတင်းထပ်ကြားရဦးမလဲဆိုတာဘဲစောင့်နေရတာ။ အခုထိတော့ ဘာမှအကြောင်းကြားတာမရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

ဒေသတွင်း သတင်းအချက်အလက်များအရ ဆရာ ဆရာမ(၅)ဦးကို ဝဲခမိကျေးရွာ အရှေ့ဘက် (၂) မိုင်ခန့်အကွာရှိ တောင်ပေါ်ကျေးရွာတစ်ရွာဘက်သို့ ခေါ်ဆောင်သွားသည်ဟု ကနဦး သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ‌အခြေခံပညာအထက်တန်းကျောင်း (ဝဲခမိ) ကျောင်းအုပ်ကြီး ဦးမြင့်ဇော်ဦး၊ အထက်တန်းပြ ဆရာမ ဒေါ်ခင်မြတ်မြတ်ထွန်းနှင့် ဒေါ်ခိုင်ခိုင်မိုး၊ ဒုတိယ မူလတန်းပြကျောင်းဆရာများဖြစ်ကြသည့် ဦးကျော်ဘုန်းဝေ၊ ဦးကျော်စိုးလွင် တို့ဖြစ်ကြကြောင်း သံဖြူဇရပ်မြို့နယ်ပညာ ရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ‌နောက်ဆက်တွဲသတင်းများကို သိရှိနိုင်ရန် သံဖြူဇရပ်မြို့နယ် ပညာရေးမှုးရုံးထံသို့ ပေါ်ပြူလာနယူးစ် က ဆက်သွယ် မေးမြန်းရန် ကြိုးစားနေပြီး၊ ရရှိလာသည့်သတင်းအချက်များကို ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။

ယင်းဖြစ်စဉ် အကျဉ်းချုပ်မှာ ဩဂုတ်လ (၂) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က ပျောက်ကျားဝတ်စုံများဝတ်ထားသည်လက်နက်ကိုင်အင်အား (၁၅) ဦးခန့်ရှိအဖွဲ့တစ်ဖွဲ့မှ ဝဲခမိကျေးရွာ အထက်‌တန်းကေျာင်းအတွင်းသို့ ဝင်ရောက်လာပြီးကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၂၈) ဦး၊ ကျောင်းစောင့် (၁) ဦး၊ စာရေး (၁) ဦး၊ သန့်ရှင်းရေး (၁) ဦး စုစုပေါင်း (၃၁) ဦးအား ကျောင်းအပြင်သို့ ခေါ်ထုတ်သွားပြီး ခေါင်းငုံ့ထိုင်ခိုင်းခဲ့ပြီးနောက် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦး၏ အမည်အား ခေါ်၍ ပြောစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝဲခမိကျေးရွာသည် သံဖြူဇရပ် – ရေး အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာကြီးတစ်ရွာဖြစ်ပြီး၊ ယင်းအနီးတစ်ဝှက် တပ်မတော်စစ်ကြောင်းနှင့် ဒေသတွင်းအကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိသော နေရာဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here