ကျောက်ဆည်တွင် AD Van ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၁၀၀၀) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
109

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာအနီးတွင် အမျိုးသားတစ်ဦးမှ AD Van အမျိုးအစား မော်တော်ယာဉ်ဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၁၀၀၀) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ဆည်မြို့နယ်၊ သံရွာအနီးတွင် ဇူလိုင် (၃၁) ရက်၊ နေ့လယ် (၂)နာရီ (၁၅)မိနစ် အချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဇော်ကိုကိုလတ်(ခ)ဘိုတိုး မောင်းနှင်လာသည့် AD Van အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၇၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၀၀)၊ ကက်တမင်း အလေးချိန် ၂၅၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၁၀၀)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဇော်ကိုကိုလတ်(ခ)ဘိုတိုး(၂၇)နှစ်အား သံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here