ထိုင်ဝမ်သုတေသနစင်တာတစ်ခုမှ အချက်အလက်များကို တရုတ်ဟက်ကာများ ခိုးယူခဲ့

0
218

တရုတ်အစိုးရနှင့် ဆက်နွှယ်သည်ဟု ယူဆရသည့် ဟက်ကာအဖွဲ့တစ်ဖွဲ့သည် ထိုင်ဝမ်အစိုးရနှင့် ဆက်နွယ်သော ကွန်ပျူတာကို အထူးပြုသည့် သုတေသနစင်တာတစ်ခုမှ စကားဝှက်များနှင့် အခြားအချက်အလက်များကို ခိုးယူခဲ့ကြောင်း Cisco Systems Inc မှ ဆိုက်ဘာလုံခြုံရေးသုတေသီများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်သူများသည် ယမန်နှစ်ဇူလိုင်လအစောပိုင်းကတည်းကပင်လျှင် အမည်မဖော်လိုသည့် အဆိုပါ ထိုင်ဝမ်သုတေသနစင်တာ၏ကွန်ပျူတာစနစ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီးနောက် ၎င်းတို့သည် တရုတ်နိုင်ငံအခြေစိုက်အဖွဲ့များမှ အသုံးပြုလေ့ရှိသည့် အန္တရာယ်ရှိသောဆော့ဖ်ဝဲတစ်မျိုးကို အသုံးပြုခဲ့သည်ဟု Cisco ၏ Talos အိုင်တီခြိမ်းချောက်မှုများဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့မှ သီးသန့်မျှဝေထားသည့် အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ယင်းအပြုအမူနှင့်တကွ အခြားသောအချက်အလက်များကို ကိုးကား၍ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကို ကျူးလွန်သူများအား တရုတ်နိုင်ငံ လုံခြုံရေးဝန်ကြီးဌာနနှင့် အဆက်အသွယ်ရှိသည့် APT41 ဟက်ကာအုပ်စု၏ အဖွဲ့ဝင်များအဖြစ်သံသယရှိကြောင်း Cisco ကုမ္ပဏီ၏ Talos အိုင်တီခြိမ်းချောက်မှုများဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့က ဆိုထားသည်။

ထိုင်ဝမ်သည် ၎င်း၏ ဆိုက်ဘာလုံခြုံရေး ကာကွယ်ရေးကို နိုင်ငံခြား ကျွမ်းကျင်သူများ၏ အကူအညီဖြင့် လုံခြုံမှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်လျှက်ရှိနေကြောင်း မကြာသေးမီက အစီရင်ခံစာများအရ သိရသည်ဟု Bloomberg သတင်းဌာနကရေးသားဖော်ပြထားသည်။ ထိုင်ဝမ်နှင့် တရုတ်ကြား ဆိုက်ဘာတင်းမာမှုများ တိုးလာနေကြောင်းကိုလည်း ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here