လားရှိုး တပ်မတော် ဆေးရုံတိုက်ခိုက်ခံရမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီ၏ ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်

0
164

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ ရှိ အမှတ်(၉) ကုတင် (၁၀၀) တပ်မတော်ဆေးရုံ တိုက်ခိုက်ခံရမှုအတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီက ယနေ့ ဩဂုတ်လ (၄) ရက်တွင် ပူးတွဲ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ပူးတွဲသဘောထားကြေညာချက်တွင် ယင်းဖြစ်ရပ်သည် လူသားမဆန်သည့် ဆိုးဝါးသော အကြမ်းဖက်မှု ဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို လည်းကောင်း ပြည်တွင်းရှိ တည်ဆဲဥပဒေကိုလည်းကောင်း ၊ နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများကိုလည်းကောင်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လုပ်ရပ်အား လုပ်ဆောင်ခဲ့သည့် အဖွဲ့အစည်းများနှင့် ၎င်းတို့နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများအား အရေးယူဆောင်ရွက်ပေးရန်နှင့် နိုင်ငံတကာမှလည်း အရေးယူပိတ်ဆို့ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားသင့်သည်ဟုလည်း ဖော်ပြထားသည်။

ထို့ကြောင့် MNDAA၊ AA၊ TNLA နှင့် ၎င်းတို့နှင့် ဆက်နွယ်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုပ်ရပ်များကို မိမိတို့ နိုင်ငံရေးပါတီများ အနေဖြင့် သန်းပေါင်းများစွာသော ရဟန်းရှင်လူ ပြည်သူများကို ကိုယ်စားပြု၍ လုံးဝ(လုံးဝ) လက်မခံဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ဩဂုတ်(၂) ရက်နေ့တွင် လားရှိုး တပ်မတော်ဆေးရုံအား MNDAA တိုက်ခိုက်ဝင်ရောက်ခဲ့သည့်အတွက် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးကုသမှု ခံယူနေသော အရပ်သားပြည်သူများ၊ က-လေးသူငယ်များအပါအဝင် (၁၀၀) ဝန်းကျင် အသက်ဆုံးရှုံးခဲ့ရပြီး လူနာ၊ ဆေးရုံစောင့်နှင့် မိသားစုဝင်များကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

“စစ်အတွင်း ရှောင်ရမယ့် အရာတွေကို မရှောင်ရင် ရာဇဝတ်မှုမြောက်ပါတယ်။မှတ်တမ်းတင်ထားဖို့တွေအထူးလိုပါတယ်။ ဆက်လက် စစ်ဆေး အရေးယူတာက နောက်ပိုင်း မှ ဖြစ်လာမှာပါ” ဟု သုံးသပ်သူတစ်ဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here