စခန်းသစ်ကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်

0
76

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း၌ တည်ရှိသောစခန်းသစ်ကျွန်း ဒီရေတောနယ်မြေသည် ဧရိယာအကျယ်အဝန်း(၁၅၉၄)ဧက ရှိသော နယ်မြေဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၄င်းတောကို ကာကွယ်တောအဖြစ် သတ်မှတ်လိုက်ကြောင်း ဩဂုတ်လ(၃) ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။

ထိုသို့သတ်မှတ်ခြင်းကို ၂၀၁၈ ခုနှစ်၌ ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးကာ ဇူလိုင်လ (၂၄) ရက်ကစတင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြင့် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲတွေပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှုများကို သဘာဝတံတိုင်းကြီးတွေသဖွယ် ကာကွယ်ရန်၊ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့ရေးကို အထောက်အကူပြုစေနိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းသတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် ဒေသခံပြည်သူများအတွက် ငါး၊ကဏန်း၊ပုစွန် စသည့် ရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းကို ဆားငန်ရေဝင်ရောက်မှုများမှတားဆီးကာကွယ်နိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ သတ်မှတ်လိုက်ခြင်းကြောင့် ဒီရေတောသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ကနစို၊ သမဲ့ကြီး၊ သမဲ့ကျက်တက်၊ လမု၊ လဘ၊ ပင်လယ်အုန်း၊ ဓနိ ပင် များကို ထိန်းသိမ်းနိုင်မည် ဖြစ်ပြီး ခရုစုပ်ငှက်၊ ဗျိုင်းငှက်၊ စွန်ခေါင်းဖြူ၊ မျောက်၊ တောဘဲ၊ တင်ကျီးငှက် စသည့် ငှက်မျိုးများ၏ နေရင်းဒေသကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here