ရမခမှ အရာရှိကြီးအချို့ MNDAA ၏ ဖမ်းဆီးခံထားရ

0
201

ရွပ်ရွပ်ချွံချွံကာကွယ်ခဲ့သောစစ်သည်၊ရဲမေများကို အသိအမှတ်ပြု လေးစား

တပ်မတော်ကလုပ်သင့်သည်ကို ဆက်လက် လုပ်ဆောင်သွားမည်ဟု နစက ပြောရေးဆိုခွင့်ရှိသူပြော

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဗိုလ်ချုပ်အေးကိုဖြင့်စတင်ဖွဲ့စည်းခဲ့ရာသက်တမ်း ၅၂နှစ်ရှိလာပြီဖြစ်သည်။နေဝန်းနီ ရမခ နှင့်ပတ်သက်၍ မြို့ခံများက သံယောဇဥ်နှင့်နားလည်မှုရှိကြကာလက်ရှိဖြစ်စဥ်များအပေါ် စိုးရိမ်တကြီး နားစွင့်နေကြရသည့်အခြေအနေများဖြစ်သည်။မြို့ကျန်ပြည်သူများနှင့်လည်း အဆက်သွယ်မရဖြစ်နေချိန်ဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ MNDAA ၏ ဖမ်းဆီးခြင်း ခံရထားရပြီး အဆက်အသွယ် ပြတ်တောက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကအတည်ပြုပြောကြားသည်။

MNDAA အနေဖြင့် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ယူထားသည့်အပြင် တရုတ်၏ တောင်းဆိုမှုကြောင့် ထိုးစစ်များ ရပ်တန့်မည်ဟု ထုတ်ပြန်ထားသည့် ၎င်းတို့၏ ထုတ်ပြန်ချက်များကို ချိုး‌ဖောက်ကာ လားရှိုးမြို့အား ဇူလိုင်လ (၃) ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တိုက်ခိုက်မှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများသည် တိုက်ပွဲကို အနီးကပ်ကွပ်ကဲပြီး ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ကြသည့်အပြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် အစွမ်းကုန်ခုခံခဲ့ကြကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

လက်ရှိတွင် အရာရှိကြီးများနှင့် ဩဂုတ် (၃) ရက် ညနေ(၆) နာရီမှစတင်ကာ အဆက်အသွယ် ပြတ်တောက်နေပြီး MN DAA ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း အခြေစိုက်ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်အရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို ရမခတိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ကျောက်မဲမှာ အခြေစိုက်ထားတဲ့ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့အပါအဝင် အရာရှိအများအပြားကို MNDAA ကဖမ်းဆီးထားကြောင်း သိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံး၏ ရွပ်ရွပ်ချွံချွံကာကွယ်ခဲ့တာကို အသိအမှတ်ပြု လေးစားသည့်အပြင် တပ်မတော်အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here