ကာကွယ်ရေးပူပေါင်းဆောင်ရွက်မှုမြှင့်တင် ရေး ဖိလစ်ပိုင်နှင့် ဂျာမနီ သဘောတူ

0
194

ဖိလစ်ပိုင်နှင့် ဂျာမနီတို့သည် ယခုနှစ်အတွင်း ကာကွယ်ရေးဆိုင်ရာ ပူပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အစီအစဉ်ကို လက်မှတ်ရေးထိုးသွားကြရန် သဘောတူခဲ့ကြပြီး အင်ဒို-ပစိဖိတ်ဒေသတွင် နိုင်ငံတကာစည်းမျဉ်းအခြေခံသည့် အခင်းအကျင်းအတိုင်း ရပ်တည်သွားကြရေးကို ကတိပြုခဲ့ကြကြောင်း သိရသည်။

ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်နှင့် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တို တီအိုဒိုရိုတို့သည် လေ့ကျင့်ရေး နှင့် အပြန်အလှန်ဖလှယ်မှုများ တိုးချဲ့ရေး၊ နှစ်နိုင်ငံ လက်နက်ကိုင်များ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် အခွင့်အလမ်းများ ရှာဖွေရေးနှင့် ပူးတွဲ စီမံချက်များတွင် ပါဝင်ဆောင်ရွက်ရေးတို့အတွက် နှစ်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များအကြား ရေရှည်ဆက်ဆံမှု ထူထောင်ရန် ကတိပြုခဲ့ကြသည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၇၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျာမနီကာကွယ်ရေးဝန်ကြီး၏ ပထမဆုံးအကြိမ် ဖိလစ်ပိုင်ခရီးစဉ်အတွင်း မနီလာတွင် ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်ပရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ၎င်း၏ စစ်တပ်ကို ခေတ်မီစေရေး ကြိုးပမ်းနေပြီး ယင်းစွမ်းရည်များကို တတ်နိုင်သမျှ ထောက်ပံ့ပေးသူအဖြစ် ဂျာမနီနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမည်ဖြစ်ကြောင်း တီအိုဒိုရိုက ပြောဆိုခဲ့သည်။

မကြာသေးခင် လများအတွင်းက အငြင်းပွား တောင်တရုတ်ပင်လယ်ဒေသတွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများ မြင့်တက်လာမှုကြောင့် မနီလာနှင့် ဘာလင်တို့၏ စစ်ရေးဆက်ဆံမှု နက်ရှိုင်းလာစေခဲ့သည်။ ဖိလစ်ပိုင် ရေတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည့် ဖိလစ်ပိုင် ရေတပ်ရေယာဉ်များကို တရုတ်ကမ်းခြေစောင့်တပ်က ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့မှုအပါအဝင် ပိုင်နက်နယ်မြေ ကျူးကျော်မှုများနှင့် ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား အပြန်အလှန် စွပ်စွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here