လားရှိုးမြို့အတွင်း ပြန်လည်ဝင်ရောက်သူများရှိ‌နေသော်လည်း ၁၃/ လရန ကိုင်ဆောင်သူများကိုသာ ဝင်ခွင့်ပြု‌နေဟု ဆို

0
223

လားရှိုးမြို့အတွင်း ယနေ့ဩဂုတ်(၅)ရက်နံနက်ပိုင်းတွင် လားရှိုးမြို့၊ ရပ်ကွက် (၃)(၄)(၅)တို့တွင် နေထိုင်ကြသူများ ပြန်လည်ဝင်ရောက်နေကြပြီဖြစ်ပြီး၊ ဖုန်းလိုင်းများ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကာ အင်တာနက်ဝိုင်ဖိုင်သာ ရရှိနေ‌သေးကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

“ပစ်ခတ်သံငြိမ်တော့ကျန်နေသူတွေထွက်လာကြပါပြီ။ သန့်ရှင်းရေးတွေစလုပ်နေပါပြီ။လားရှိုး မကြာခင်နေရပ်ပြန်လို့ရပါတော့မယ်ဗျ။”ဟု ၎င်းက ဆိုသည်။

ယမန်နေ့ ဩဂုတ်(၄)ရက်မှစတင်ကာ လားရှိုးမြို့အတွင်း ပစ်ခတ်သံများ ငြိမ်သက်နေပြီး၊ မြို့တွင်း ကျန်နေသူဒေသခံအချို့ လမ်းမများပေါ်ထွက်လာပြီး အနီးဝန်းကျင်တွင် သန့်ရှင်းရေးများ လုပ်ဆောင်နေကြကြောင်း သိရသည်။

ယနေ့တွင် ရပ်ကွက်(၇)ရှိ လုံလော့ဈေးတွင် လမ်းဘေးဈေးသည်အချို့ ဈေးပြန်လည်ရောင်းချ‌နေကြကြောင်းသိရသည်။

မြို့တွင်း ဝင်ခွင်ပြုနေပြီဖြစ်သော်လည်း အချို့ဒေသခံအချို့မှ တိုက်ပွဲအခြေ‌အနေမည်သို့ ဆက်ဖြစ်လာမည်ဆိုသည့်အပေါ် စိုးရိမ်နေကြပြီး၊ အချို့ဒေသခံများမှာ ပြန်လည်ဝင်ရောက်လိုခြင်းမရှိသေးဘဲ အခြေအနေကို စောင့်ဆိုင်း‌နေကြောင်း သိရသည်

” အခုက တိုက်ပွဲက ပြီး မပြီးဆိုတာ သေချာမသိရသေးဘူး။ ထပ်ဖြစ်လာရင် ရှောင်ဖို့ ပိုခက်ခဲမှာကြောက်လို့ မပြန်သေးဘူး။ အခြေအနေစောင့်ကြည့်နေတုန်းဘဲ။ ၁၃/လရန ဘဲ ဝင်ခွင့်ပြုတယ်ဆိုရင်တော့ ကိုယ်တွေက ဝင်လို့ရမှာမဟုတ်သေးဘူး။ ဒီလို ကန့်သတ်ချက်ကြီးနဲ့ဆိုတာကတော့ ဘာဖြစ်ချင်တာလဲလို့ဘဲ မေးခွန်းပြန်ထုတ်ရလိမ့်မယ်”ဟု ‌လားရှိုးစစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။

“ရပ်ကွက် ၅ ဖက် နေတဲ့ အမျိုးတွေနဲ့အဆက်သွယ်ရပေမယ့် ရပ်ကွက် ၁ ဖက်နဲ့ မရသေးဘူး၊မြို့တော်ခန်းမနားက လမ်းကပိတ်ထားသေးတယ်တဲ့”ဟု စစ်ရှောင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် လားရှိုးမြို့သို့ ပြန်လည်ဝင်ရောက်လိုသူများအကြား အချင်းချင်း ဆက်သွယ်မေးမြန်းမှုများရှိနေသော်လည်း တိုက်ပွဲဖြစ်နိုင်ခြေရှိ/မရှိအပေါ်မည်သူမျှ တိကျသည့် ပြောဆိုမှုမျိုး မရှိကြပေ။

မန္တလေးဘက်မှ လားရှိုးသို့ပြန်လည်ဝင်ရောက်မည်ဆိုပါက သွားလာ၍ရသည့်လမ်းပိုင်းများ ရှိနေသော်လည်း သွားရမည့်လမ်းခရီးအဆင့်ဆင့်တို့ကြောင့် မပြန်လိုသည့် ဒေသခံများလည်း ရှိနေသေးသည်။

“နမ္မ-မန်ပျဉ်ဘက်ရောက်ရင်လားရှိုးမိုင်းရယ်လမ်းမကြီးအတိုင်း လားရှိုးဘက်ကိုသွားနိုင်ပါပြီ။ဒီလမ်းကြောင်းကလတ်တလောအဆင်ပြေစွာသွားလာနေကြတဲ့လမ်းပိုင်းပါ။ဟိုယ- မိုင်းရယ်ပတ်ဝန်းကျင်တည်ငြိမ်ရင် အဲ့လမ်းကနေသွားလို့ရပါတယ်။မှန်ချမောင်းပါ။ လုံခြုံရေးအခြေအနေသတိပြုကြပါ။လိုင်းကားတွေအဖော်ကားတွေနဲ့ချိတ်ဆက်သွားလာကြပါ။” ဒေသခံတစ်ဦးက အသိပေးမျှဝေထားသည်ကို တွေ့ရသည်။

ပုံစာ -ယမန်နေ့က လားရှိုးမြို့အတွင်း ဒေသခံအချို့သန့်ရှင်းရေးလုပ်နေကြသည့်မြင်ကွင်း (CJ)


LEAVE A REPLY

Please enter your comment!
Please enter your name here