ရှမ်းတောင် လွိုင်လင်နှင့် နမ့်စန်မြို့နယ်တို့တွင် ငွေကျပ်သိန်း (၁၃၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
340

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ထံမှ ငွေကျပ် (၁၃၆၂.၅) သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပေါင်းလိုင်းရွာ အနီးတွင် သြဂုတ်(၃) ရက်၊ နံနက် (၈)နာရီ (၄၅)မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေစဉ် ပိုင်ဇေဖြိုး မောင်းနှင်ပြီး ပြေသာတိုး လိုက်ပါလာသည့် HONDA INSIGHT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၁၀၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀ သိန်း) ၊ Happy Water အလေးချိန် ၇၅၀ ဂရမ် (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် (၁ဝ)နာရီ (၄၅)မိနစ်အချိန်တွင် မစုဝေဝေထွန်း အား ၎င်းနေထိုင်သည့် နမ့်စန်မြို့နယ်၊ အမှတ်(၂)ကျေးရွာရှိ နေအိမ်အတွင်းမှ ကက်တမင်း အလေးချိန် ၅၀ ဂရမ် (ဒေသကာလပေါက် ဈေးတန်ဖိုး ငွေကျပ် ၅ သိန်း)၊ Happy Water အလေးချိန် ၄၇၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား ထပ်မံတွေ့ရှိ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ပိုင်ဇေဖြိုး(၂၀)နှစ်၊ ပြေသာတိုး(၂၀)နှစ် နှင့် မစုဝေဝေထွန်း (၂၇)နှစ်အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here