ပဲခူးတွင် ရေပြန်ကျဆင်းပြီဖြစ်၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်နေ

0
125

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် ကျေးရွာများအတွင်း မြစ်ရေကြီးမှုများ ပြန်လည်ရေကျသွားပြီဖြစ်ရာ ဌာနဆိုင်ရာများ နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပဲခူးတိုင်းဝန်ကြီးချုပ်ကလည်း သွားရောက်ကာ ကမာနတ်ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေသန့်စက်တပ်ယာဉ်ဖြင့် သောက်ရေသန့်များ ဖြန့်ဖြူးပေးနေကာ ရေကြီးနစ်မြုပ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများအား အလှည့်ကျဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်အသိပေးခြင်းများ၊ မီးသတ်ရေယာဉ်များဖြင့် ရေအဆက်မပြတ် သယ်ယူပို့ဆောင်ပေးခြင်းများလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့အပြင် ကျောင်းဘေးရှိ ကျုံးရေထွက်ပေါက်အား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေး နှင့် ရေလမ်းကြောင်းပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းလည်း သိရသည်။

ထိုနည်းတူ ရေကြီးနစ်မြုပ်ခဲ့သည့် ပဲခူးမြို့နယ် မယင်းကျေးရွာ သို့ သွားရောက်ပြီး တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နာယက ဒေါ်စိုးစိုးသက်၏ ဦးဆောင်မှုဖြင့် ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာနေပြည်သူများအား ငါးဟင်းချက်ပြုတ်လှူဒါန်းနေမှုကို ကြည့်ရှု အားပေးပြီး ကလေးငယ်များအတွက် အာဟာရမုန့်များ ပေးအပ်ခဲ့သလို ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်အတွင်း ပဲခူးမြစ်ရေ ပြန်လည်ကျဆင်းနေမှုကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပဲခူးမြစ်ရေမှာ ကျဆင်းသွားပြီ ဖြစ်သော်လည်း စိုးရိမ်ရေမှတ်အထက်ရှိနေဆဲဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ နံနက် (၆)နာရီခွဲ ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၈၈၀ စင်တီမီတာ (ပေ ၂၈ . ၈၇)ဖြစ်ရာ ယနေ့ သြဂုတ်(၅)ရက် နံနက် (၆)နာရီခွဲ တိုင်းတာချက်အရ ၉၁၇ စင်တီမီတာ (ပေ ၃၀ . ၀၉)ရှိခဲ့ရာ နောက် (၁) ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here