စက်သုံးဆီဈေး အမြင့်ဈေးတွင်ဆက်လက်ရှိနေ 

0
183

ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့၏ ယနေ့ ဩဂုတ်လ (၅)ရက် စက်သုံးဆီ ရည်ညွှန်းလက်လီဈေးသည် ယမန်နေ့ ဈေးများတိုင်းရှိနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့တွင် ယနေ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးသည် အောက်တိန်း 92 တစ်လီတာလျှင် ၂၇၇၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင်၂၈၉၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၅၀ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၂၉၂၀ ကျပ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းများသည် ယခင်နေ့များက ဈေးနှုန်းများနည်းတူ ဈေးနှုန်းမပြောင်းလဲကာ အမြင့်ဈေး၌ ဆက်လက်တည်ငြိမ်ရှိနေပြီး မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းဈေးသည် အမြင့်ဈေး၌ တည်ငြိမ်နေသည်။

သို့သော် ရန်ကုန်မြို့၊ မန္တလေးမြို့ရှိ ဆီဆိုင်ကြီးများတွင် နံနက်လေးနာရီမှ စတင်ကာ စက်သုံးဆီကို တန်းစီစောင့်ဆိုင်း ဝယ်ယူနေရကာ သုံးစွဲသူများအကြား လောက်ငှမှုမရှိ ဖြစ်နေသည်ဟု မြေပြင်သတင်းများအရ သိရည်။

လက်ရှိတွင်မူ မန္တလေးမြို့၌ အချို့ဆိုင်များ၌ စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံနေရကာ စက်သုံးဆီဝယ်ယူရန် ဆီဆိုင်ကြီးများတွင် တန်းစီစောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

“ဆိုးတယ်၊ မြို့ထိပ်က BOCမှာသွားတန်းတာ မနက်ကတည်းက နေ့ခင်း (၂)နာရီမှ ရတယ်၊ ကိုယ့်အလှည့်ပြီးတော့ ဆီကုန်ပြီပြောတယ်။ နောက်ကျစောင့်နေရတဲ့လူတွေ ထပ်စောင့်ပေါ့” ဟု ကိုယ်တိုင်တန်းစီခဲ့ရသူတစ်ဦးက လူမှုကွန်ရက်တွင် မျှဝေထားသည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းအနေဖြင့်လည်း စက်သုံးဆီပိုမို လျင်မြန်စွာဖြန့်ဖြူးပေးနိုင်ရန် လိုအပ်ချက်များကို ပူးပေါင်းညှိုနှိုင်းဆောင်ရွက်နေကြသဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါအသင်းမှ အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here