မန်းချောင်းရေပြန်လည်ကျဆင်း၍ မန်းရွှေစက်တော် အောက်စက်တော်ရာရင်ပြင်အား စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်

0
81

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် မန်းချောင်းရေ ပြန်လည် ကျဆင်းပြီဖြစ်သောကြောင့် အောက်စက်တော်ရာ ရင်ပြင်အား ဩဂုတ် (၅) ရက်မှ စတင်၍ စုပေါင်း သန့်ရှင်းရေးလုပ်ဆောင်လျက်ရှိကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ နေ့စဉ် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ ဩဂုတ် (၂)ရက်မှ စတင်ကာ မန်းချောင်းရေ (၃) ပေခန့် ဖြတ်ကျော်စီးဆင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရေပြန်လည် ကျဆင်းသွားပြီဖြစ်သောကြောင့် မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ ဦးဆောင်ပြီး မန်းရွှေ စက်တော်ဘုရားကြီးရှိ ကျန်းမာသန့်ရှင်းဝန်ထမ်းများ၊ လုံခြုံးရေး ရဲတပ်ဖွဲ့ဝင်များ၊ ရွှေစက်တော်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကျေးရွာရှိ ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးကို ကုသိုလ်ပြု ဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

မန်းရွှေစက်တော် အောက်စက်တော်ရာ ရင်ပြင်တော်ပေါ်၌ ရေစီးနှင့်အတူ မျောပါတင်ကျန်ခဲ့သော ရွှံ့၊ နွံ၊ သဲ၊ နုံးများနှင့် အမှိုက်သရိုက်များအား ဆယ်ယူရှင်းလင်းခြင်း၊ မီးသတ်ပိုက်ဖြင့် ရင်ပြင်တော်အား ရေဆေးခြင်း လုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြသည်။

ယခုနှစ် မန်းရွှေစက်တော် ဘုရားကြီးတွင် အများဆုံး ရေကျော်အမှတ်မှာ ရင်ပြင်အထက် (၅) ပေခန့်ဖြစ်ပြီး အောက်စက်တော်ရာ ဖန်အုပ်စောင်းတော် မြုပ်သည်အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ ပြောကြားထားသည်။

မန်းချောင်းအတွင်း နှစ်စဉ် ရေကြီးမှုဖြစ်ပွားရခြင်းမှာ မန်းရွှေစက်တော်ဘုရား အထက်ပိုင်းရှိ ဒေသများ၌ နေ့စဉ် မိုးများရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများက ပန်းထိမ်းမန်းချောင်းနှင့် ငဖဲမန်းချောင်းအတွင်း စီးဆင်းဝင်ရောက်ကာ အဆိုပါ မန်းချောင်းများမှတဆင့် ရွှေစက်တော် မန်းချောင်းအတွင်းသို့ ဆက်လက် ဖြတ်သန်း စီးဆင်းဝင်ရောက်ပြီး ရေကြီးမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here