မြိတ်ခရိုင် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်နေရာကို မအိုင်(၂) ဒီရေတောကြိုးပြင် ကာကွယ်တောသတ်မှတ်

0
117

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း (၄၉၅) ဧကရှိသော နယ်မြေကို “မအိုင်(၂)ဒီရေတောကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၆၆/၂၀၂၄) အရ ၁၃၈၆ ခုနှစ် ဝါဆိုလပြည့်ကျော် (၄) ရက် ၊၂၀၂၄ ခုနှစ် ဇူလိုင်လ (၄) ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည်  ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် ငါး၊ ကဏန်း၊ ပုစွန် စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေများ ဝင်ရောက်မှုတားဆီး ကာကွယ်နိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်သည်။

မအိုင်(၂) ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောသစ်မျိုးများ ဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ကနစို၊ ပင်လယ်အုန်း၊ လမု၊ သမဲ့ဖြူ၊ သမဲ့ကြက်တက်၊ ကျန၊ မဒမ၊ သရော၊ ကန့်ကလာ စသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်သည့်အပြင် ဗျိုင်း၊ ဗျိုင်းအောက်၊ ကြက်တူရွေး၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုတ် ငှက်၊ နှုတ်သီးဝိုင်းရေညှောင့်ငှက်၊ တောဘဲ၊ ငှက်စလုံ (တင်ကျီးငှက်) စသည့်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ငါး၊ ကဏန်း၊ ခရု၊ ပုစွန်များရှင်သန် ပေါက်ဖွားရာ ဂေဟစနစ်ပိုမို ကောင်းမွန်လာစေခြင်း၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနိုင်ခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်ဂေဟစနစ် တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here