အောင်မင်္ဂလာ အဝေးပြေးကားဝင်းနှင့် တောင်ဒဂုံမြို့နယ်တို့တွင် အမျိုးသား တစ်ဦးထံမှ ကျပ်သိန်း (၇၀၀)ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
263

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့တွင် အမျိုးသား တစ်ဦးထံမှ ကျပ်သိန်း (၇၀၀)ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မြင်းခြံလမ်းတွင် သြဂုတ်(၅)ရက်၊ ညနေ (၃)နာရီ (၅၀)မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သက်သေများနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ ကျော်ဇေယျာအောင် အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာသည့် လက်ဆွဲစက္ကူအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၆၀၀)၊ မြန်မာငွေ ကျပ် (၉၈၅၀၀) နှင့် လက်ကိုင်ဖုန်း (၁)လုံးတို့အား တွေ့ ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းစစ်ဆေးဖော်ထုတ်ချက်အရ ညနေ (၅)နာရီအချိန် အဆိုပါ အမျိုးသားနေထိုင်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၁)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၂၀)နှင့် မြန်မာငွေကျပ်သိန်း (၂၀) တို့အား ထပ်မံတွေ့ရှိသိ မ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျော်ဇေယျာအောင် (၄၁)နှစ်အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here