ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးအန္တရာယ် ကာကွယ်နိုင်‌ရေး တာများနှင့် ရေတံခါးများကို စစ်ဆေး

0
180

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးကာကွယ်‌ရေးအတွက် ဒိုက်ဦးညောင်ခါးရှည် ဗျူဟာလမ်း ဘေးဝဲယာနှင့် ကောလိယ – နဂါးပေါက် ဆက်သွယ်မြောင်း၊ ခမုံမြစ်ကျိုးဖြတ်မြောင်း၊ ကျိုက်ထော်-ပလိုင်းဖြတ် မြောင်းတို့မှ ရေထုတ်နုတ်နိုင်မှု အခြေအနေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဇူလိုင် (၁၉) ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများ ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့သည့် တာများနှင့် ရေတံခါးများကို သြဂုတ် (၆)ရက်က စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ဝေါမြို့နယ် ပဲခူး – စစ်တောင်း တူးမြောင်းတွင် တည်ဆောက်ထားသော အကျယ် ပေ(၃၀) အမြင့်(၂၂)ပေရှိ မြစ်ကျိုးရေတံခါး ကြံခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး ပဲခူး-စစ်တောင်း တူးမြောင်းတာ ကျိူးပေါက်မှု မရှိစေရေးနှင့် ရေလွှမ်းရေမြုပ်မှုများ လျော့ကျသွားပါက သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး၊ အရံမျိုးစပါး စုဆောင်းထားရှိရေး ၊ ပျိုးထောင်စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်စိုက်ပျိုးရန် မြေနေရာများ ကြိုတင်တွက်ချက်ခြင်းကို ဒေသခံ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပဲခူး၊ သနပ်ပင်နှင့် ကဝမြို့နယ်များကို ပြွန်တန်ဆာ – ဒိုက်ဦးလွင်ပြင်မှ စီးဆင်းလာသည့်ချောင်းနှင့် ကွင်းရေများ၏ ရေဘေးအန္တရာယ်နှင့် စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကို ကာကွယ်ထားသည့် ပုကိုင်တာကို ကာကွယ်ထိန်းသိမ်းထားရှိမှု ရေကင်းများတာဝန်ချထားမှု၊ အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းမှု၊ စက်ယန္တရားများ အလွယ်တကူ ရွေ့ပြောင်းနိုင်ရေးစီစဉ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တာတမံတောင့်တင်း ခိုင်မာရေးအတွက် ဆောင်ရွက်ရန် လိုအပ်မည့် လုပ်ငန်းများနှင့် မိုးရာသီကာလပြီးဆုံးပါက ပဲခူးရိုးမအရှေ့ဘက်ခြမ်းရှိ ဘိုင်းဒါးနှင့် ကောလိယတမံများမှ ပိုလျှံရေများကို ပုကိုင်တာ ရေသွင်းတံခါးမှ တစ်ဆင့် ပဲခူး – စစ်တောင်းတူးမြောင်းအတွင်းသို့ စိုက်ပျိုးရေပေးသွင်းရန် ကိစ္စရပ်များ၊ ပုကိုင်တာ ရေရှည်ကြံ့ခိုင်ရေးနှင့် တာတမံများ ကြံ့ခိုင်ရေး လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနများနှင့် ရပ်ကွက်ကျေးရွာများမှ အစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ပုကိုင်တာသည် အလျား ၁၇/၄ မိုင် ရှည်လျားပြီး တာထိပ်အမြင့် ပျမ်းမျှ (၁၂)ပေ နှင့် ထိပ်မျက်နှာပြင် အကျယ် ပျမ်း မျှ(၁၀)ပေ ရှိကာ စစ်တောင်းမြစ်ရေနှင့် ပြွန်တန်ဆာလွင်ပြင်မှ စီးဝင်မြင့်တက်လာသည့် ရေများကို ကာကွယ် ဧရိယာအတွင်း ဝင်ရောက်ခြင်းမရှိစေရန် ကာရံတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here