မြောက်ကိုရီးယားနိုင်ငံတဝှမ်း လုံခြုံရေးဆိုင်ရာ အခြေခံပြောင်းလဲမှုများပြုလုပ်ထားကြောင်း ကင်ဂျုံအန်ဆို

0
225

“လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပတ်ဝန်းကျင်နှင့် အမေရိကန်ဦးဆောင်သော စစ်ဘက်အစုအဖွဲ့စနစ်၏ မဆင်မခြင် ချဲ့ထွင်မှုများ” နှင့် မိမိတို့နိုင်ငံတစ်ဝှမ်း လုံခြုံရေး အပြောင်းအလဲများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ထောက်ပြပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ မှ ဖော်ပြထားသည်။

အမျိုးအစားသစ် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ၂၅၀ ကို နယ်ခြားစောင့်တပ်များထံသို့ ဩဂုတ် ၄ ရက်က လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် ကင်ဂျုံအန်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ နိုင်ငံတကာအပေါ် ဆက်ဆံရေးဟာ သူ့ရဲ့ သဘောသဘာဝနဲ့ စရိုက်လက္ခဏာအရ နျူကလီးယားအခြေခံတဲ့ စစ်ဘက်အစုအဖွဲ့အဖြစ် ပြောင်းလဲလာတာနဲ့အမျှ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ပတ်ဝန်းကျင်ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေးပတ်ဝန်းကျင်ဟာလဲ မဟာဗျူဟာအရရော ဖွဲ့စည်းပုံအရပါ သိသိသာသာ ပြောင်းလဲမှုတွေကို ပြုလုပ်ထားပါတယ်” ဟု သူကပြောသည်။

လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း အမေရိကန်က မြောက်ကိုရီးယားကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရေးလုပ်ဆောင်မှုတိုင်းနှင့် နျူကလီးယားလက်နက်အခြေခံခြင်းကိစ္စတို့သည် ဆက်စပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အခုတော့ သူ့ရဲ့ လက်အောက်ခံနိုင်ငံတွေဆီ သူ့ရဲ့နျူကလီးယားလက်နက်တွေကို မျှဝေဖို့ကြံစည်တဲ့အထိ စစ်ရေးလုပ်ဆောင်မှုတွေဟာ မဆင်မခြင် ကြီးထွားလာပါပြီ” ဟု ကင်ဂျုံအန်က ထောက်ပြသည်။

“ဤအခြေအနေများကပင်လျှင် ကျွန်ုပ်တို့၏သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ရန်နှင့် ခိုင်မာသောပံ့ပိုးမှုပေးနိုင်သည့် မိမိကိုယ်ကို မှီခိုအားထားရသော ကာကွယ်ရေးစက်မှုလုပ်ငန်းများတိုးမြှင့်ရေးကိုလည်း ဆက်လက်တောင်းဆိုနေပါသည်”ဟုလည်း သူကဆိုသည်။

ဇူလိုင်လတွင် ဝါရှင်တန်ဒီစီတွင်ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးဘေးတွင် တောင်ကိုရီးယားနှင့် အမေရိကန်သမ္မတများဖြစ်သည့် ယန်ဆွတ်ယိုနှင့် ဂျိုးဘိုင်ဒင် တို့သည် နှစ်နိုင်ငံဘုံသဘောတူညီမှု အခြေခံမူများကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြောက်ကိုရီးယားအား ဟန့်တားရန်အတွက် အမေရိကန်၏ နျူကလီးယားစွမ်းရည်များ တောင်ကိုရီးယားသို့ ပေါင်းစပ်ရန် အဆိုပြုချက်များနှင့် မြောက်ကိုရီးယားနိုင်ငံမှ “အဆင့်မြင့်လက်နက်များ” ကိစ္စကိုပါ ဆွေးနွေးနေသည်ဟု တောင်ကိုရီယားက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here