ယူနွတ်စ်ကို ကြားဖြတ်အစိုးရခေါင်းဆောင်ရွေးချယ်၊ အတိုက်အခံခေါင်းဆောင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်

0
442
This photograph taken on February 29, 2024 shows Bangladeshi Nobel peace laureate Muhammad Yunus during an interview with AFP at his office in Dhaka.(Photo by Munir UZ ZAMAN / AFP)

ဘင်္ဂလားဒေ့ရှ် နို့ဘဲလ်ဆုရှင် မူဟာမက် ယူနွတ်စ်သည် တိုင်းပြည်၏ ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်သွားမှာဖြစ်ကြောင်း စစ်ဘက်ခေါင်းဆောင်များ၊ ဆန္ဒပြကျောင်းသားခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတရုံးက ဗုဒ္ဓဟူးနေ့(သြဂုတ် ၇) တွင် ထုတ်ပြန်ကြေညာသည်။

ယင်းကြေညာချက်ကို သမ္မတ မိုဟာမက် ရှာဟာဘူဒင်၏ သတင်းပြန်ကြားရေးမှူး ဂျိုင်နယ် အဘီဒင်က ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြကျောင်းသားခေါင်းဆောင်များ၊ စစ်တပ်၏ (ကြည်း၊ရေ၊လေ) ဦးစီးချုပ် သုံးဦး၊ အရပ်ဖက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးခေါင်းဆောင်အချို့သည် အင်္ဂါနေ့ညပိုင်းက သမ္မတနှင့် အချိန် ၅ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ကြားဖြတ်အစိုးရခေါင်းဆောင်နေရာအတွက် ဆုံးဖြတ်ချက်ချခဲ့ခြင်းဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် သမ္မတသည် အင်္ဂါနေ့က ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး ရာထူးနုတ်ထွက်သွားသော သက်တမ်းရှည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏နေရာကို အစားထိုးရေး ရွေးကောက်ပွဲသစ်ကျင်းပနိုင်ရန်အတွက် လမ်းခင်းပေးခဲ့သည်။

ထို့အပြင် ဟာစီနာ အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ဟာစီနာ၏ ကာလကြာရှည် ပြိုင်ဘက်တစ်ဦးဖြစ်သူ အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ရန် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က အမိန့်ပေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းတစ်ဦးပင်ဖြစ်သည့် သူမသည် ယခုအခါ လွတ်မြောက်လာပြီဖြစ်ကြောင်း သူမ၏ BNP ပါတီ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ပြောဆိုခဲ့သည်။

တိုင်းပြည်သည် အစိုးရအဖွဲ့သစ်ကို စောင့်မျှော်နေပြီး ဆန္ဒပြသူများက ယူနွတ်စ်ကို ကြားဖြတ်အစိုးရအားဦးဆောင်စေလိုကြသည်ဟု အဓိက ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် အိုလံပစ်ပြိုင်ပွဲအတွက် ပါရီကို ရောက်ရှိနေသည့် ယူနွတ်စ်က ဟာစီနာ ရာထူးနုတ်ထွက်ခြင်းမှာ တိုင်းပြည်အတွက် “ဒုတိယမြောက် လွတ်မြောက်ရေးနေ့” ဟု မှတ်ချက်ပြုခဲ့သည်။ ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ် အမည်စာရင်းတင်ခဲ့မှုနှင့် ပတ်သက်ပြီး ၎င်းထံမှ လတ်တလောတွင် တုန့်ပြန်မှတ်ချက်မရသေးသော်လည်း ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ နာဟစ် အစ္စလမ်ကမူ ယင်းအတွက် ယူနွတ်စ်က သဘောတူထားပြီဟု ပြောဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here