သတင်းပေးတိုင်ကြားမှုများကြောင့် ဇူလိုင်လအတွင်း ကုန်ပစ္စည်း အမျိုး (၃၀) အပါအဝင် ခန့်မှန်းတန်ဖိုး ငွေကျပ် (၁၁၉၈) ဒသမ (၈၇၆) သန်းနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ

0
226

သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ကုန်ပစ္စည်း အမျိုး (၃၀) အပါအဝင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၈ ဒသမ ၈၇၆ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော် ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာ အရေးယူလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍ လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေး စခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုမှာ အလွန်အရေးပါလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း သတင်းရရှိမှု (၅၃) ကြိမ် ရရှိခဲ့ပြီး၊ သတင်းမှားတစ်ကြိမ်၊ နောက်ကျသတင်းနှစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု အကြိမ် (၅၀) ရှိကြောင်း သိရသည်။

သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ (၅၆) မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်းအမျိုး (၃၀) အပါအဝင် ခန့်မှန်းတန်ဖိုး ငွေကျပ် (၁၁၉၈) ဒသမ (၈၇၆) သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် (၁၁၉၈) ဒသမ (၈၇၆) သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် (၂၃၉) ဒသမ (၇၇) သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ဌာနဆိုင်ရာ တာဝန်ရှိသူများက သတင်းပေး ဆုကြေးငွေကျပ် (၂၇၁) ဒသမ (၅၆၆) သန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇူလိုင်လအတွင်း ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း – ၀၉၄၀ ၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ် – ၀၆၇ – ၄၀၉၈၈၃ နှင့် အီးမေးလ် [email protected] သို့ သတ င်းပေးပို့တိုင်ကြားနိုင်ပါကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here