ပြည်သူများ သဘာဝဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ရပါကကယ်ဆယ်ရှာဖွေရေး နည်းစနစ်များကို ထိရောက်စွာ အသုံးချကယ်ဆယ်ရန် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ မှာကြား

0
66

ပြည်သူများ သဘာဝဘေးအန္တရာယ် အမျိုးမျိုးဖြင့် ရင်ဆိုင်လာရပါက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အသက်ကယ်ဆယ်ရှာဖွေရေး နည်းစနစ်များကို ထိရောက်စွာ အသုံးချသွားကြရန်နှင့် နည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာသွားရန် လိုအပ်ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားလိုက်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရေပြင်အသက်ကယ်နှင့် စက်လှေမောင်းသင်တန်းဆင်းပွဲ အခမ်းအနားကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆ ည်ကန်(နောက်)ကျေးရွာရှိ ငလိုက်ဆည်တွင် သြဂုတ် (၆)ရက် နေ့လယ်ပိုင်းက ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ မီးသ တ်ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် တာဝန်ရှိသူများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထုအား မီးဘေးအန္တရာယ်၊ ရေကြီးရေလျှံမှုအန္တရာယ်၊ ငလျင်ဘေး အန္တရာယ်အစရှိသည့် သဘာဝဘေး အန္တရာယ်များနှင့် အခြားသောမတော်တဆမှုများ ဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း နေပြည်တော် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သင်တန်းများပို့ချခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို နိုင်ငံနှင့်တစ်ဝန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ သင်တန်းတွင် နေပြည်တော်အတွင်း ရေကြီးရေလျှံမှု အန္တရာယ်များဖြစ်ပေါ်လာပါက ခရိုင်၊ မြို့နယ်၊ နယ်မြေ စခန်းများရှိ တပ်ဖွဲ့ဝင်များအနေမှ နိုင်ငံတကာအဆင့်မီ ရှာဖွေကယ်ဆယ်ရေး နည်းလမ်းများနှင့် ရေပြင်ရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်ပြီး အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ် ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင် (၃၅) ဦးအား သင်ကြားပို့ချ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အစိုးရဌာနများ တည်ရှိရာ အုပ်ချုပ်မှုမြို့တော်ဖြစ်သည့်အပြင် လွှတ်တော် အဆောက်အအုံများ၊ ဟိုတယ်ဇုန်များ၊ စက်မှုဇုန်များ၊ အစိုးရ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်များ၊ Shopping Mall များစသည့် အဆောက်အအုံများစွာ တည်ရှိလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဆည်၊ မြောင်း၊ တာတမံများစွာ တည်ရှိနေသော မြို့ကြီးတစ်မြို့ဖြစ်သည့်အတွက် ပြည်သူများ သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးနှင့် ရင်ဆိုင်လာရပါက နေပြည်တော်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှ ပို့ချပေးသည့် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို ထိရောက်စွာ အသုံးချသွားကြရန်နှင့် မိမိတာဝန်ကျရာ စခန်းအသီးသီးသို့ ရောက်ရှိပါက စဉ်ဆက်မပြတ် လေ့လာသွားရန်လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် နေပြည်တော် မီးသတ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင် (၃၅) ဦးအား ဩဂုတ်လ (၄) ရက်မှ (၆) ရက်အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here