မန္တလေးတွင် ပြင်ပဈေးကွက်၌ ဓါတ်ဆီတစ်လီတာ (၅၀၀၀) ကျပ်ဝန်းကျင်အထိ ပြန်လည် ကျဆင်းလာ

0
304

မန္တလေးမြို့တွင်း ပြင်ပဈေးကွက်၌ ဓါတ်ဆီ တစ်လီတာ ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀)ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ လက်ရှိ ကျပ် (၅၀၀၀)ဝန်းကျင်အထိ ပြန်လည် ကျဆင်းလာကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

မန္တလေးမြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဓါတ်ဆီဝယ်ယူရာတွင် တန်းစီစောင့်ဆိုင်းရချိန် အနည်းငယ် လျော့ကျလာသည့်အပြင် ဓါတ်ဆီအရောင်း ပြင်ပဈေးကွက်တွင်လည်း ဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာကြောင်း မြို့ခံယာဉ်ပိုင်ရှင်များထံမှ သိရသည်။

သို့သော် မြို့တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်အများစုမှာ စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေမှုများရှိပြီး လိုသလောက်ကို အကန့်အသတ်မရှိ ရောင်းချပေးသည့် ဆိုင်တချို့လည်းရှိလာကြောင်း မြို့ခံတို့က ဆိုသည်။

ကျန်ခဲ့သည့် ရက်ပိုင်းများအတွင်းက မန္တလေးမြို့တွင် စက်သုံးဆီများကို အရောင်းဆိုင်များ၌ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရစဉ် ဓါတ်ဆီပြင်ပဈေးကွက်တွင် တစ်လီတာ ကျပ် (၁၀၀၀၀) အထိ ပေါက်ဈေးရှိခဲ့သော်လည်း ဩဂုတ် (၇)ရက်တွင် တစ်လီတာ ကျပ် (၅၀၀၀) ဝန်းကျင်သို့ ကျဆင်းလာကြောင်း သိရသည်။

“ဆီပြတ်တော့မှာ လိုလိုနဲ့ သတင်းအမှားတွေ လွှင့်ပြီး အမြတ်ကြီးစားရောင်းဖို့ အကြံနဲ့ လှောင်ထားတဲ့ သူတွေလည်း အခုဆို အပြင်‌ဈေးကွက်မှာ အပြိုင်အဆိုင်ထုတ်ရောင်းလာတယ်။ အခုလေးတင် ဆီဝင်ဖြည့်လာတာ မိနစ် ၂၀ လောက်ပဲ စောင့်ရတယ်။ ဒါပေမဲ့ ဆိုင်ကယ် တစ်စီးကို (၃၀၀၀)ဖိုးပဲ အကန့်အသတ်နဲ့ ရောင်းပေးတာပါ”ဟု မြို့ခံ တစ်ဦးက ဆိုသည်။

မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဓါတ်ဆီများ အလွယ်တကူ ဝယ်ယူရရှိလာသည်နှင့်အတူ ဓာတ်ဆီပြင်ပဈေးကွက်တွင်လည်း ဝယ်လိုအားနည်း၍ ဈေးနှုန်းများလည်း ထပ်မံကျဆင်းလာဖွယ်ရှိနေကြောင်း မြို့ခံတို့က ဆိုသည်။

ထို့ပြင် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင် အရောင်းဆိုင်များတွင် ဓါတ်ဆီများကို စီတန်းဝယ်ယူကာ စီးပွားဖြစ် ပြန်လည် ရောင်းချမှုများရှိလာသောကြောင့် စက်သုံးဆီ တန်းစီသူအချို့ အခက်ကြုံနေရဆဲကြောင်းလည်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဩဂုတ် (၇) ရက် နံနက်ပိုင်း ထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းများအရ မန္တလေးမြို့တွင် 92 တစ်လီတာ (၂၈၅၀) ကျပ်၊ 95 တစ်လီတာ (၂၉၇၅)ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here