အိမ်အရောက်စနစ်ဖြင့် စားအုန်းဆီမှာယူမှု တနေ့တစ်သောင်းကျော်ရှိဟု‌ဆို

0
185

ဈေးကွက်အတွင်း ဝယ်ယူရ ခက်ခဲနေသည့် စားအုန်းဆီကို အိမ်ထောင်စု တစ်စုလျှင် (၂)ပိဿာနှုန်းဖြင့် ရောင်းချပေးရာတွင် မှာယူသူ တစ်ရက်လျှင် လူဦးရေ တစ်သောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုအောက်တွင် စားအုန်းဆီတင်သွင်းသော ကုမ္ပဏီများက လက်လီ/လက်ကားအရောင်းဆိုင်များမှတဆင့် လုပ်သားပြည်သူများသို့ နေ့စဉ်၊ လစဉ်စားအုန်းဆီများ ဖြန့်ဖြူးပေးလျက်ရှိသော်လည်း ဝယ်ယူသုံးစွဲသူများအနေဖြင့် ဆီဝယ်မရသည့် အခက်အခဲများကို ကြုံတွေ့နေရခြင်းဖြစ်သည်။

ယင်းကြောင့် အရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန်အခက်အခဲရှိသော အိမ်ထောင်စုများအနေဖြင့် စားအုန်းဆီများကို မိသားစုတစ်စုတစ်လစာဝယ်ယူနိုင်ရန် ၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဩဂုတ်လ (၁) ရက်မှစ၍ စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စားအုန်းဆီဝယ်ယူလိုသူများအနေဖြင့် ဇူလိုင် (၃၁) ရက်နေ့မှစတင်၍ Call Centre ဖုန်းနံပါတ် ၀၁-၂၃၉၉၂၂၂ (လိုင်းခွဲ -၇ လိုင်း) သို့ နံနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်မပါ) ဖုန်းဆက်မှာယူနိုင်ပြီး၊ ထိုသို့ ဝယ်ယူနိုင်ရန်အတွက် Call Centre ဖွင့်လှစ်၍ မှာကြားချက်များကို မှာကြားနိုင်ရန် လက်ခံမှတ်သားသွားမည်ဖြစ်သည်။

ထို့ပြင်‌ ဈေးနှုန်းကိုလည်း အပတ်စဉ်ထုတ်ပြန်ပေးနေသည့် လက်ကားရည်ညွှန်းဈေးနှုန်းကို အခြေခံ၍ အကျိုးအမြတ်ထည့်သွင်းထားခြင်းမရှိပဲ ဘူးခွံဖိုးနှင့်ဘူးသွတ်ခကိုထည့်သွင်းတွက်ချက်ထားသည့် ဈေးနှုန်းဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ခကို မှာကြားသည့် ဝယ်သူဘက်မှ ပေးချေရမည်ဖြစ်ပြီး ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်‌ကာ ဆီဖိုးကိုကြိုတင်ပေးချေရန်မလိုပဲ မှာကြားမည့်ရက်နှင့် ပစ္စည်းရောက်မည့်ရက်မှာ သုံးရက်ခန့်ကွာခြားနိုင်ကြောင်း ကြေညာချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here