ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းဧက ငါးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရ

0
285

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် မိုးစပါး စိုက်ခင်း အပါအဝင် သီးနှံစိုက်ခင်းဧက ငါးသောင်း ခုနစ်ထောင်ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ရကြောင်း ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၊ စာရင်းအင်းဌာနခွဲမှ သိရသည်။

ယင်းကဲ့သို့ ရေကြီးနစ်မြုပ်မှုများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများနှင့် ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်နှင့် တနင်္သာရီရှိ မိုးစပါး စိုက်ခင်းများ ပျက်စီးခဲ့ရသလို ရိတ်သိမ်းရန် ကျန်ရှိနေသေးသည့် နွေစပါးများပါ ရေကြီးနစ်မြုပ်ခဲ့ရကြောင်းလည်း သိရသည်။

ထိုနည်းတူ မြေပဲ၊ နှမ်း၊ ကုလားပဲ၊ ပြောင်းစိုက်ခင်းများနှင့်အခြားသီးနှံများလည်း ရေကြီးနစ်မြုပ်ခဲ့ကာ ပျက်စီးခဲ့သည့် ဧက ၃ သောင်းခွဲကျော် ရှိခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၊ စာရင်းအင်းဌာနခွဲမှ သိရသည်။

ထို့ပြင် ရိတ်သိမ်းနေဆဲ နွေစပါးဧကများထဲတွင် ရေနစ်မြုပ်ခဲ့ရသည့် ဧက ၁ သောင်းကျော် ရှိကာ ဧက ၇ ထောင်ခန့် ပျက်စီးခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ရေအနည်းငယ်ပြန်ကျသွားသော်လည်း စိုက်ခင်းအများစုသည် ရေပြန်မကျသေးသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်၍ မရသေးကြောင်းလည်း သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းများပျက်စီးခဲ့ရသည့် တောင်သူများအနေဖြင့် ရေပြန်လည်ကျသည့်အခါ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများနှင့် ဆက်သွယ်ရန် လိုအပ်ကြောင်းလည်း သိရသည်။

သို့မှသာ မျိုးစပါးများ၊ ပျိုးပင်များကို တင်ပြတောင်းဆိုသည့်အတိုင်း ပြန်လည်ပေးအပ်နိုင်မည်ဟု ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စာရင်းအင်းဌာနခွဲမှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here