လူမှုကွန်ယက်စာမျက်နှာများတွင် ဝိုင်းမော်ကို သိမ်းပိုက်နိုင်ပြီ ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိဟုဆို

0
139

ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့ကို KIAနှင့် ဒေသတွင်းပူး‌ပေါင်းလက်နက်ကိုင်အဖွဲ့က သိမ်းပိုက်နိုင်ပြီဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း မြေပြင်စစ်ရေးအခြေအနေကို သိရှိနေသည့် ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ဝိုင်းမော်မြို့ကို သိမ်းလိုက်နိုင်ပြီဆိုသည့် သတင်းမှာ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေပြီး၊ လက်ရှိ မြေပြင်တွင် တိုက်ပွဲဖြစ်ပွားမှုလုံးဝ မရှိသေးဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်တစ်ဝန်း အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးလိုင်းများပြတ်တောက်ချိန်တွင် KIA က ဝိုင်းမော်အခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်း ခလရ (၅၈)အား သိမ်းပိုက်လိုက်ပြီဆိုခြင်းသည် ရေရာမှုမရှိဘဲ ဝါဒဖြန့်ပြောဆိုနေခြင်းသာဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြု ပြောသည်။

အဆိုပါ သတင်းကြောင့် ဝိုင်းမော်မြို့နယ်မှ ဒေသခံပြည်သူများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေပြီး၊ ယခုကဲ့သို့ မဟုတ်မမှန်သတင်းများအား ရေးသားဖော်ပြသည်ကို မပြုလုပ်ရန် ဒေသခံအချို့က တောင်းဆိုမှုများ ရှိနေသည်။

“ဝိုင်းမော်မြို့က ခလရ ၅၈ ကို KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့သတင်းတွေ ထွတ်ပေါ်နေပါတယ်။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေမရတဲ့အချိန်မှာ မဟုတ်တဲ့သတင်းတွေ မဖြန့်ဝေသင့်ဘူး။ ဒေသခံတွေက တိုက်ပွဲဖြစ်လာမှာ စိုးရိမ်ပြီး အချို့ဆို ရှောင်နေကြတယ်။”ဟု နောက်ထပ် မြစ်ကြီးနား ဒေသခံတစ်ဦး က ပြောသည်။

ယင်းနှင့်ပတ်သက်၍ဒေသအခြေစိုက် မီဒီယာတစ်ခုက KIA ပြန်ကြားရေးအဖွဲ့အား မေးမြန်းထားသည်များရှိသလို KIA၏ ပြန်ကြားမှုတွင်လည်း ယင်းသတင်းသည်မှန်ကန်မှုမရှိဘဲ မြေပြင်တွင် တိုက်ပွဲများမရှိကြောင်း ပြန်လည်ဖြေကြားထားသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်မှစတင်ကာ ဆက်သွယ်ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောင်နေခြင်းဖြစ်သည်။

ယင်းအတွက်ဒေသခံများ အင်တာနက်ဝန်ဆောင်မှု ငွေကြေးသုံးစွဲမှုများ အဆင်မပြေဖြစ်နေကြကြောင်းနှင့်။ ရသည့်နေရာတွင်လည်း (၇)ရာခိုင်နှုန်းအထိ ပေးဆောင်နေရသည်များရှိကြောင်း အဆိုပါ ဒေသခံက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here